စိတ်ကျန်းမာရေး ဆရာဝန် ဒေါက်တာသီဟစည်သူသည် မိသားစုရင်းသဖွယ်ဖြစ်နေသည့် အိမ်အကူ ဒေါ်ချိုနှင့် ဆွံ့အနားမကြား ကောင်မလေး ငွေလမင်းတို့နှင့်အတူ နေထိုင်သည်…. ဒေါက်တာသီဟစည်သူမှာ ငယ်စဉ်ကလေးဘဝတွင် မိဘနှစ်ဦး ရက်ရက်စက်စက် အသတ်ခံခဲ့ရသည့် အဖြစ်ဆိုးကို မြင်လိုက်ရပြီးနောက် ဆွံ့အနားမကြားဘဝ ရောက်ခဲ့ရသည့် ငွေလမင်းကို အကောင်းပကတိပြန်လည်ဖြစ်လာစေရန် နည်းလမ်း မျိုးစုံဖြင့် ကြိုးစားကာ ကုသပေးခဲ့သော်လည်း အခြေအနေ မထူးခဲ့ပေ…. 

ဒေါက်တာသီဟစည်သူသည် စိတ်ညှို့ပညာကုထုံးကိုလည်း အထူးစိတ်ဝင်စားကာ လေ့လာနေသူ ဖြစ်သည်… ငွေလမင်းနှင့် သီဟစည်သူမှာ မမြင်နိုင်သည့် အတိတ်ဘဝဟောင်းမှ သံယောဇဉ်ကြိုးများကြောင့် မသိစိတ်ကနေ စူးနစ်စွာ ချစ်နေခဲ့ကြသည်…ထို့အတွက်ကြောင့်လည်း ချစ်သူ သွားဆရာဝန်မလေး လှိုင်းအိအိချိုနှင့် မကြာခဏ ပဋိပက္ခများ ဖြစ်လေ့ရှိသည်….တစ်နေ့ ဒေါက်တာသီဟစည်သူသည် မြို့ဟောင်းတစ်မြို့သို့ အလုပ်ကိစ္စဖြင့် ခရီးထွက်သွားရာမှ ခမာလူမျိုးများ၏ ရှေးဟောင်း ဒင်္ဂါးပြားတစ်ပြားကို ရရှိခဲ့သည်… 

ထိုဒင်္ဂါးပြား ရရှိခဲ့ပြီးသည့်နောက်ပိုင်းတွင် ထူးဆန်းသည့် အဖြစ်အပျက်များ တောက်လျှောက် ဖြစ်လာခဲ့တော့ သည်… ဒင်္ဂါးပြားတွင် တွယ်ကပ်နေသည့် ကလေးငယ် ဝိဥာဉ်၏ စေ့ဆော်မှုကြောင့် နိုင်ငံကျော်မင်းသား ဧကရာဇ်၊ သူဌေးကြီး ဦးအဂ္ဂကျော်၊ တပ်ကြပ်ကြီး ကျော်မင်း၊ တိရစ္တာန် ဆေးတက္ကသိုလ်ကျောင်းသား ဇေလျှမ်းမောင်၊ ငါးစိမ်းသည် ဒေါ်ပန်းညိုနှင့် တက္ကသိုလ် ကျောင်းသူလေး ဆင်းရွှေဝါတို့သည် ဒေါက်တာ သီဟစည်သူထံသို့ ရောက်ရှိလာကြကာ သူတို့ခံစားနေရသည့် အတိတ်ဘဝဟောင်းကို ပြန်လည်မြင်ယောင် သည့် စိတ်ကစဥ့်ကလျားရောဂါကို ကုသပေးရန် တောင်းဆိုကြတော့သည်… ဒေါက်တာသီဟစည်သူသည် သူ၏လူနာ (၆) ဦးအတွက် အစွမ်းကုန်ကြိုးစားကာ ကုသပေးခဲ့သော်လည်း အခြေအနေများမှာ ကောင်းမွန် မလာပဲ လူနာများအတွက် ပိုမိုဆိုးရွားလာခဲ့ရသည်…

ဧကရာဇ်သည် တောင်ငူခေတ်ဘဝဟောင်းတွင် သွေးသောက်ရဲမက်များအပေါ် သစ္စာဖောက်ခဲ့သည့် ရဲမက်အဖြစ်လည်းကောင်း၊ ဦးအဂ္ဂကျော်သည် ကုန်းဘောင်ခေတ်ဘဝဟောင်းတွင် ကျေးကျွန်များကို ညှင်းပန်းနှိပ်စက်ခဲ့သည့် မြို့စားမင်းအဖြစ်လည်းကောင်း၊ တပ်ကြပ်ကြီးကျော်မင်းသည် ဂျပန်ခေတ်အတွင်းတွင် ကလေး သူခိုးဂိုဏ်းကို ထောင်ထားကာ ကလေးများအပေါ် ယုတ်မာခဲ့သည့် ဂိုဏ်းခေါင်းဆောင်အဖြစ်လည်းကောင်း၊ဒေါ်ပန်းညိုသည် ပါတော်မူခေတ်အတွင်းတွင် သူတော်စင်ယောင်ဆောင်ကာ လိမ်ညာစားနေသည့် ယောဂီအတု အယောင်အဖြစ်လည်းကောင်း၊ ဇေလျှမ်းမောင်သည် ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် အမဲလိုက်ကာတောကောင်များကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် လူကုံထံသူဌေးသားအဖြစ်လည်းကောင်း၊ ဆင်းရွှေဝါ သည် အင်္ဂလိပ်ခေတ်အတွင်းတွင် မွေးစားမိဘများကို ရက်ရက်စက်စက် အဆိပ်ခတ်သတ်ခဲ့သည့် တရုတ်မိသားစု၏ မွေးစားသမီးအဖြစ်လည်းကောင်း….ဘဝဟောင်းကို အသီးသီးမြင်ယောင်လာကြကာ အတိတ်ဘဝမှ ပြုခဲ့သည့် ကံအတွက် ဝဋ်ကြွေးဆပ်ကြရတော့သည်…ဒါ့အပြင် ငွေလမင်းမှာလည်းကိုလိုနီခေတ်ဘဝဟောင်းမှ သူ ကျူးလွန်ခဲ့သည့် မကောင်းမှုကံအတွက် ပြန်လည်ပေးဆပ်ရန် အချိန်ကျရောက်လာခဲ့သည်… ဒေါက်တာ သီဟစည်သူမှာ ငွေလမင်းနှင့် လူနာ (၆) ဦးကို ကယ်တင်ပေးရန်ကြိုးစားရင်းအသက်ဆုံးသွားသည်အထိ ကံကြွေးများကို ဆပ်ခဲ့ရသည်…အကြောင်းမှာ ပုဂံခေတ် အစောပိုင်းကာလ ခမာ-ဗမာ ကပြားလူမျိုးဖြစ်ခဲ့စဉ် အခါက လူနာ (၆) ဦးနှင့် ငွေလမင်းတို့အပေါ် ကျူးလွန်ခဲ့သည့် သူ၏
အပြစ်ကြွေးကြောင့်သာ ဖြစ်တော့သည်… 

ပုဂံခေတ်အစောပိုင်းကာလ ဘဝဟောင်းတွင် ဒေါက်တာသီဟစည်သူသည် မည်ကဲ့သို့သော မကောင်းမှုတွေကို ကျူးလွန်ခဲ့ပါသလဲ… ?????
သိပ်ချစ်ကြသည့် ဒေါက်တာသီဟစည်သူနှင့် ငွေလမင်းတို့ ချစ်သူနှစ်ဦးသည် ပျော်ရွှင်စွာဖြင့် ဆုံစည်းခွင့် ရနိုင်ပါဦးမည်လား… ?????
ဆုံစည်းခြင်း မိုးတိမ်များ ဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းမှာ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့အထိ ည-၇း၁၅ အချိန်မှာပြသပေးနေတာဖြစ်ပါတယ်။