ဧရာဝတီမြစ်အတွင်း ငါးမျိုးစိတ် (၄)မျိုး ရဲ့ ငါးသားပေါက်အရေအတွက် (၂)သိန်း  မျိုးစိုက်ထည့်ခြင်း ကို နိုဝင်ဘာလ ၄ရက် က၊ မန္တလေးမြို့၊ကမ်းနားလမ်း၊ ကရဝိတ်ရေပေါ်ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ မန္တလေးသတင်းအဖွဲ့မှ ဆက်လက်တင်ဆက် ပေးပါမယ်။ ငါးလုပ်ငန်းဦးစီးဌာန၊ ကိုရီးယားနိုင်ငံ KOICA(ကွိုက်ကာ)အဖွဲ့နဲ့  NIFS အဖွဲ့တို့ပူးပေါင်းပြီး ဆောင်ရွက်တဲ့ ရေချိုသုတေသနစင်တာက မျိုးသားဖောက်ထားတဲ့ ငါးမျိုးစိတ်တွေနဲ့ ငါးလုပ်ငန်းစခန်းတွေက ငါးမျိုးစိတ်(၂)သိန်းကို ဧရာဝတီမြစ်အတွင်း မျိုးစိုက်ထည့်တာဖြစ်ပါတယ်။ ဒီမျိုးစိုက်ထားတဲ့ ငါးသားပေါက်တွေက ငါးဒန်၊ ငါးမြစ်ခြင်း၊ ငါးခုံးမ၊ မြစ်စား ငါးကြင်း စတဲ့ ငါးမျိုးစိတ် (၄ )မျိုးကိုစိုက်ထည့်တာဖြစ်ပါတယ်။ ဧရာဝတီမြစ်အတွင်း ငါးသယံဇာတထိန်းသိန်းဖို့၊ တိုးပွားလာဖို့နဲ့ ရေလုပ်သားတွေရဲ့ လူမှုစီးပွားဘဝအတွက် ရည်ရွယ်ပြီး စိုက်ထည့်တာဖြစ်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးကပြောပါတယ်။ 

ကိုရီးယားမြန်မာပူးပေါင်းဆောင်ရွက်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးရေချိုသုတေသနစင်တာကို မန္တလေးတိုင်းဒေသကြီး သရက်ကုန်းငါးလုပ်ငန်းစခန်းမှာဖွင့်လှစ်ထားပြီး ဒီငါးလုပ်ငန်းစခန်းမှာ ငါးမျိုးစိတ်သားဖောက်တာတွေကို သုတေသနဆောင်ရွက်နေတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံဟာ ရေလုပ်ငန်းမှာ တိုးတက်နေတဲ့နိုင်ငံတစ်ခုဖြစ်တာကြာင့်  ကိုးရီးယားနိုင်ငံအနေနဲ့ ငါးသုတေသန လုပ်ငန်းတွေမှာနည်းပညာတွေဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကိုရီးယားနိုင်ငံ NIFS မှတာဝန်ရှိသူကပြောပါတယ်။ 
 
ငါးလုပ်ငန်းဦးစီးဌာန လက်အောက်ရှိ ငါးလုပ်ငန်းစခန်း တွေက ငါးမျိုးစိတ် ၂၀ ဝန်းကျင် သားဖောက်နိုင်ပြီး နှစ်စဉ် ငါးမျိုး စိုက်ထည့်တာကို ဧရာဝတီမြစ်အပြင်၊ ဆည်၊ မြောင်း၊ ကန်၊ ချောင်း နဲ့ စပါးခင်းတွေမှာ စိုက်ထည့် တယ်လို့သိရပါတယ်။ပြည်တွင်းကငါးစားသုံးမှုအခြေအနေက ဖူလုံမှုရှိပြီး ပြည်ပကိုတင်ပို့မှုကတော့ ယခင်နှစ်က ဝင် ငွေ သန်း(၇၀၀)ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။ယခင်က ဥရောပနိုင်ငံတွေကို ပင်လယ်နဲ့မြစ်ထဲက ငါးတွေကိုသာတင်ပို့ခွင့်ရှိပြီး အခုနှစ်ကုန်ပိုင်းကစလို့ မွေးမြူရေးငါးတွေကို သတ်မှတ်စစ်ဆေးချက် အောင်မြင်ရင်တင်ပို့ခွင့်ရရှိနိုင်မယ်လို့သိရပါတယ်။

 

 


 

Related News