ဒီဆိုင်ကလုန်းမုန်တိုင်းဟာ လွန်ခဲ့တဲ့ တစ်ပတ်ခန့်က လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြစ်ပေါ်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အစပြုခဲ့ကာတဖြည်းဖြည်းနဲ့ အလယ်ပိုင်းကိုရောက်ရှိလာတယ်လို့ သိရပါတယ်။ အိန္ဒိယအနောက်မြောက်ဖက်ကို တဖြည်းဖြည်းရွေ့ပြီးအိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကိုမဖြတ်မီ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကိုရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

မိုးလွန်ကာလမှာဖြစ်ပေါ်တတ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေဟာ အိန္ဒိယကုန်းတွင်းပိုင်းမှ အရှေ့မြောက်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီသို့ ဦးတည်ရွေ့လျားလေ့ရှိပြီး မြန်မာနိုင်ငံကိုလဲသက်ရောက်မှုတွေအဖြစ် မိုးရွာသွန်းတာနဲ့ လေတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးမြောက်ပိုင်းတို့မှာ နောက်သုံးရက်အတွင်းမိုးရွာသွန်းနိုင်မယ်လို့ သိရပါတယ်။

ဒီမုန်တိုင်းက ဒီနှစ်မှာဘင်္ဂလားပင်လယ်အော်မှာ (၇)လုံးမြောက်ဖြစ်တဲ့ မုန်တိုင်းဖြစ်ပြီး  ဆိုင်ကလုန်းမုန်တိုင်းအနေနဲ့ (၂)လုံးမြောက်ဖြစ်တဲ့မုန်တိုင်းလို့ သိရပါတယ်။ လက်ရှိအချိန်ဟာ မုန်တိုင်းရာသီဖြစ်ပြီး နိုဝင်ဘာ၊ဒီဇင်ဘာထိဖြစ်ပေါ်နိုင်လို့ နောက်ထပ် မုန်တိုင်း(၃)လုံးလောက်ဖြစ်ပေါ်နိုင်သေးတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မုန်တိုင်းအန္တရာယ်ကိုသတိရှိဖို့လိုသလို မုန်တိုင်းကြောင့် အခါလွန်မိုးတွေရွာတတ်ပြီး စိုက်ပျိုးသီးနှံတွေအတွက် အဖျက်မိုးတွေဖြစ်ပေါ်တတ်လို့ ဂရုပြုဖို့ကို သတိပေးထားပါတယ်။

 

 

Related News