ယနေ့မြန်မာစံတော်ချိန်(၁၀း၀၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် အနောက်ဘင်္ဂလား ကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ၊ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယ နိုင်ငံ၊ ကိုးလ်ကတ္တားမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ 

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားနည်းနေပါတယ်။ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါတယ်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးပိုလာနိုင်ပါတယ်။    နေပြည်တော်နဲ့အနီးတစ်ဝိုက်နဲ့ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုန်းရွာပါမယ်။  မန္တလေးမြို့နဲ့အနီးတစ်ဝိုက် အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။    

 

 

Related News