ယမန်နေ့မြန်မာစံတော်ချိန် (၁)နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း နဲ့ ယင်းနှင့်ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဆက်လက်တည်ရှိနေပါတယ်။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေပါတယ်။ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာ စိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်းဒေသကြီးမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးပါမယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်မှာ (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါတယ်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးဆက်လက် ပိုနေပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်နဲ့ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာပါမယ်။ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ မိုးပြတ်တောင်း ထစ်ချုန်းရွာပြီး၊ ခေတ္တမျှ သည်းထန်နိုင်ပါတယ်။

 

 

Related News