ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာရှိတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် ဖြစ်ပေါ်နေပြီး ကြီးမားတဲ့တိမ်တိုက်ကြီးတစ်ခုလည်း တွဲလျက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ မုန်တိုင်းဖြစ်ဖို့ အလားအလာတွေဟာပုံမှန်ထက်ပိုနေပြီးသေချာမှု ရာခိုင်နှုန်းကလည်း ပုံမှန်တိုးလာ နေတယ်လို့ ဇွန်(၉)ရက်မနက်၇နာရီအချိန်က မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ ဒီလေဖိအားနည်း ရပ်ဝန်းကြောင့် အိန္ဒိယနိုင်ငံအနောက်ဖက်ကမ်းခြေနဲ့မြန်မာနိုင်ငံအနောက်ဖက်ကမ်းခြေတွေမှာ မုတ်သုံလေတွေအားကောင်းလာပြီး မိုးပိုလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

လေဖိအားနည်းရပ်ဝန်းကို အကြောင်းပြုပြီးမုန်တိုင်းတည်ရှိတဲ့ ပင်လယ်ပြင်မှာလည်း မိုးကြီးပြီးလေထန်တဲ့အခြေအနေတွေဖြစ်လာလိမ့်မယ်လို့လည်း ဖေါ်ပြထားပါတယ်။ မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မနက်(၁၀)နာရီခွဲအချိန်က ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်မှတော့ ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်အရ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီးလှိုင်း အမြင့် (၅)ပေမှ (၈)ပေခန့်အထိ မြင့်တက်နိုင်တယ်လို့ခန့်မှန်းထားပြီး တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်မှာလည်း ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်အရလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် (၆)ပေမှ (၁၀)ပေခန့်အထိမြင့်တက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။    

 

 

Related News