မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်မှ ဦးစီးကျင်းပတဲ့ (၂၀၁၉)ခုနှစ် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဗိုလ်လုပွဲနဲ့ ဆုချီးမြှင့်ခြင်းအခမ်းအနားကို မနေ့က ဇွန်လ(၉)ရက်က အောင်ဆန်းအားကစားကွင်း၊ မိုးလုံလေလုံ အားကစားခန်းမမှာ ကျင်းပခဲ့ပါတယ်။တိုင်းနဲ့ပြည်နယ်နေရာအနှံမှ သက်တန်းအလိုက် လူငယ်မျိုးဆက်သစ်ကစားသမားတွေ ပေါ်ထွက်လာဖို့အတွက် ရည်ရွယ်ကျင်းပတဲ့ မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားကရားတေးပြိုင်ပွဲကို ကျင်းပလာခဲ့တာဆိုရင် ယခုနှစ်ပြိုင်ပွဲက ဒုတိယအကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။ ယခုနှစ်ပြိုင်ပွဲကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှ ကလပ်အသင်းတွေ၊ ၀န်ကြီးဌာနအသင်းတွေနဲ့ အခြေခံပညာကျောင်းတွေမှ အသင်းတွေအပါအ၀င် စုစုပေါင်း အသင်း(၃၄)သင်း လာရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ကစားသမားစုစုပေါင်း(၄၀၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ခတနဲ့ကုမိတဲ့ ပြိုင်ပွဲအမျိုးအစား(၁၃)မျိုး ခွဲခြားကျင်းပခဲ့တာဖြစ်ပြီး အကောင်းဆုံးကစားသမားဆုနဲ့ တံခွန်စိုက်ဆုအပါအ၀င် ရွှေတံဆိပ်(၁၆)ခုထိ ချီးမြင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အမျိုးသမီးအကောင်းဆုံး ကစားသမားဆုကို အမျိုးသမီး(၅၅)ကီလိုတန်းမှ မေမြန်မာညွှန့်ဦးခင်က ရရှိခဲ့ပြီး အမျိုးသားအကောင်းဆုံး ကစားသမားဆုကို အမျိုးသားတစ်ဦးချင်းခတပြိုင်ပွဲမှ ကျော်ဝင်းသူက ရရှိခဲ့တာပါ။ ပြိုင်ပွဲရဲ့စုပေါင်း တံခွန်စိုက် ဆုကိုတော့ ရွှေတံဆိပ် (၄)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၂)ခုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ရရှိခဲ့တာဖြစ်ပါတယ်။ယခုပြိုင်ပွဲမှာ ဆုရရှိတဲ့ ကစားသမားတွေကို နိုင်ငံတကာပြိုင်ပွဲတွေအတွက် ပဏာမလက်ရွေးစင်ကစားသမား တွေအဖြစ် ရွေးချယ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ အခုပြိုင်ပွဲပြီးရင် လာမယ့်ဇူလိုင်လမှာ တိုင်းဒေသ ကြီးနဲ့ပြည်နယ် ကရာတေးပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားဖို့ ရှိကြောင်း သိရပါတယ်။

 

 

Related News