ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားနည်း(၁၄)ခုမှာ ဆုတံဆိပ်ရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ နိုဝင်ဘာလမှာ ကျင်းပတော့မယ့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားနည်း(၁၄)ခုမှာ ဆုတံဆိပ်ရရှိဖို့ မျှော်မှန်းထားတယ်လို့ မနေ့က သုဝဏ္ဏမိုးလုံလေလုံအားကစားရုံမှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေး ညှိုနှိုင်းအစည်းအဝေးမှာ ပြောကြား ခဲ့တာပါ။ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲမှာ အိမ်ရှင်နိုင်ငံက အားကစားနည်း(၅၆)နည်း ထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက (၃၆) နည်းမှာ ၀င်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒီထဲက မြှားပစ်၊ ဘိလိယက်၊ လှေလှော်၊ စစ်တုရင်၊ ဘောလုံး၊ ဂေါက်သီး၊ ဂျူဒို၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဘောလီဘော၊ အလေးမ၊ ၀ူရှူး၊ ပီတန်းစတဲ့ အားကစားနည်း(၁၄)ခုမှာ ဆုတံဆိပ်ရရှိဖို့ မျှော်မှန်းထားတာဖြစ်ပြီး စုစုပေါင်း ရွှေတံဆိပ်(၁၀)ခု ကျော်ရရှိဖို့ ရရှိဖို့ မျှော်မှန်းထားတယ်လို့ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မြလေးစိန်က ပြောကြားခဲ့တာပါ။

ယခုနှစ်ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံမှ အားကစားသမားစုစုပေါင်း(၄၀၀)ကျော် ၀င်ပြိုင်သွားမှာ ဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ်ဟာ ကျပ်(၄)ဘီလီယံကျော် ရှိမယ်လို့ သိရပါတယ်။ ဆုချီးမြင့်မှုအနေနဲ့ ယခုဆီးဂိမ်းမှာ ဆုတံဆိပ်ရရှိတဲ့ အားကစားသမားတွေကို ဆုကြေးငွေတိုးမြင့်ချီးမြင့်သွားဖို့ရှိပြီး တစ်ဦးချင်းပြိုင်ပွဲမှာ ရွှေတံဆိပ် ရရှိတဲ့ ကစားသမားကို သိန်း(၃၀၀)၊ ငွေတံဆိပ်ရရှိတဲ့ ကစားသမားကို သိန်း(၂၀၀)နဲ့ ကြေးတံဆိပ်ရရှိတဲ့ ကစား သမားကို သိန်း(၁၀၀) ချီးမြင့်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းလိုက်မှာ တစ်ဦးချင်းကို ရွှေတံဆိပ် ကစား သမားအတွက် သိန်း(၁၀၀)၊ ငွေတံဆိပ်ကို သိန်း(၇၀)နဲ့ ကြေးတံဆိပ်ကို သိန်း(၃၀)ချီးမြင့်သွားမှာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတွေနဲ့ အားကစားအဖွဲ့ချုပ် (၄၂)ဖွဲ့မှ ဥက္ကဌများနှင့် ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

 

 

Related News