ရန်ကုန်မြို့မှာကျင်းပမယ့် ကမ္ဘာ့ဘိလိယက်နှင့်စနူကာပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ (၇)ရက်က အောင်ဆန်းအားကစားကွင်းမှာရှိတဲ့ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်မှာ ကျင်းပခဲ့ပါတယ်။ကမ္ဘာ့ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို လာမယ့်နိုဝင်ဘာလ(၁၂)ရက်ကနေ(၂၇)ရက်ထိ ရန်ကုန်မြို့ တောင်ဥက္က လာပမြို့နယ်မှာရှိတဲ့ Grand Mecure Hotelမှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံက ကစားသမား(၂၂)ဦး ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဘိလိယက်ပြိုင်ပွဲအမျိုးအစား(၂)မျိုးနဲ့ စနူကာပြိုင်ပွဲ အမျိုး အစား(၃)မျိုး စုစုပေါင်းပြိုင်ပွဲအမျိုးအစား(၅)မျိုး ထည့်သွင်းကျင်းပသွားမှာပါ။ လက်ရှိမှာနိုင်ငံပေါင်း(၁၃)နိုင်ငံမှ ကစားသမားပေါင်း (၆၀)လာရောက် ယှဉ်ပြိုင်ဖို့အတွက် စာရင်းပေးသွင်းထားပြီး နိုင်ငံပေါင်း(၄၀)မှ ကစားသမား ပေါင်း(၂၀၀)ကျော် လာရောက်ယှဉ်ပြိုင်ဖို့အတွက် မျှော်မှန်းထားတယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာကစားသမားတွေအနေနဲ့ သြဂုတ်လတဲက ရန်ကုန်နဲ့ နေပြည်တော်မှာ စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကစားသမားတွေ ပြိုင်ပွဲအတွေ့အကြုံ ရရှိဖို့အတွက် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲတွေကို စေလွှတ်ယှဉ်ပြိုင်ထားတယ်လို့ အဖွဲ့ချုပ်တာဝန်ရှိသူရဲ့ ပြောကြား ချက်အရ သိရပါတယ်။အခုလိုကမ္ဘာ့အဆင့်ပြိုင်ပွဲမှာ မြန်မာကစားသမားတွေ ချန်ပီယံဖြစ်ပါက ဆုကြေးအနေနဲ့ မြန်မာကျပ်ငွေ သိန်း(၁၀၀)နဲ့ သိန်း(၃၀၀)တန် ကားတစ်စီးပါ ချီးမြင့်သွားမယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို လာရောက်ကြည့်ရှုမယ့် ပရိသတ်တွေအနေနဲ့ အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပြီး သွားရေး လာရေးအဆင်ပြေစေဖို့ ဘတ်စ်ကားများပါ စီစဉ်ပေးမယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။ မနှစ်က ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ နိုင်ငံပေါင်း(၃၇)နိုင်ငံမှ အားကစားသမားစုစုပေါင်း(၁၈၁)ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

 

 

Related News