သင်္ဃန်းကျွန်းမြို့နယ်နဲ့ ဒဂုံမြို့သစ်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ ငမိုးရိပ်တံတား (ကမာကြည် ၂) တံတားအသစ်ကို ဖေဖော်ဝါရီလ(၇)ရက်မှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊  အင်ဂျင်နီယာဌာန လမ်းနှင့်တံတားမှ သိရပါတယ်။သင်္ဃန်းကျွန်းမြို့နယ်နဲ့ ဒဂုံမြို့သစ်တောင်ပိုင်းကို သွားလာရာမှာ အဆင်ပြေစေဖို့အတွက် အခုလို တံတားအသစ်တစ်စင်းကို တည်ဆောက်လိုက်တာဖြစ်ပါတယ်။အသစ်ဆောက်လုပ်ထားတဲ့ တံတားအရှည်က (၂၅၈)မီတာ ရှည်လျားပြီး အကျယ်က (၁၁.၅) မီတာကျယ်ဝန်းကာ နှစ်လမ်းသွားအမျိုးအစားဖြစ်ပါတယ်။ဒါ့အပြင် ခရီးသွား ပြည်သူတွေအတွက် အဆင်ပြေမှုရှိစေဖို့အတွက် အဆိုပါတံတားမှာ  ဘေးပလက်ဖောင်းတွေလည်း ထည့်သွင်းတည်ဆောက်ပေးထားတယ်လို့သိရပါတယ်။

ငမိုးရိပ်တံတား(ကမာကြည် ၂) တံတားအသစ်တည်ဆောက်ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တင်ဒါခေါ်ယူခဲ့ပြီး မြတ်နိုးသူကုမ္ပဏီမှ တံတားကို (၂၀၁၇)ခုနှစ်က တာဝန်ယူ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တံတားအမျိုးအစားက RC ကွန်ကရစ်အမျိုးအစားဖြစ်ပြီး ရေလမ်းကင်းလွတ်အမြင့်က (၅.၅) မီတာမြင့်ကာ ခံနိုင်ဝန်က (၇၅)တန် ရှိတယ်လို့သိရပြီး ကုန်ကျငွေတန်ဖိုးအနေနဲ့ မြန်မာကျပ်ငွေ သန်းပေါင်း(၅၈၀၀)ကုန်ကျခံဆောက်လုပ်ထားတယ်လို့သိရပါတယ်။ငမိုးရိပ်တံတား(ကမာကြည် ၂)တံတားအသစ်ဟာ ငမိုးရိပ်ချောင်းကိုဖြတ်သန်းတည်ဆောက်ထားတဲ့(၇)စင်းမြောက်တံတားဖြစ်ပြီး အဆိုပါတံတားအသစ်ကို  ဇန်န၀ါရီလ(၃၁)ရက်မှာ စတင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

 

 

Related News