၂၀၁၈မှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကြား နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးဘာကြောင့် ခရီးမရောက်ခဲ့တာလည်း၊ ၂၀၁၈ခုနှစ် ပြက္ခဒိန်ပေါ်က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူတွေနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကိုတော့ ၂၀၁၇ သြဂုတ်လ မောင်တောအကြမ်းဖက်မှုဖြစ်စဉ်အတွင်း နေရပ်စွန့်ခွာသွားသူတွေကိုတော့ မြန်မာအစိုးရဘက်က ၂၀၁၈မှာ စတင်ပြန်လည်လက်ခံနိုင်ဖို့မျှော်မှန်းခဲ့တာပါ။နှစ်နိုင်ငံသဘောတူညီချက်နဲ့ ၂၀၁၈ ဇန်န၀ါရီ(၂၃)ရက် မှာ စတင်လက်ခံဖို့ သဘောတူခဲ့တဲ့ ပြန်လည်လက်ခံရေးအစီအစဉ်ဟာ (၂၀၁၈) နှစ်ကုန်အထိ ဖြစ်မလာခဲ့ပါဘူး။မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရေးစခန်းတွေနဲ့ အဆင်သင့်ပြင်ထားခဲ့ပေမယ့်ဘင်္ဂလားဒေရှ့်ဘက်က ပြန်လည်ဝင်ရောက်မယ့် စာရင်းပေးပို့ရာမှာလိုအပ်ချက် တွေရှိခဲ့တာကြောင့် ဒီဖြစ်စဉ်ဟာကြာမြင့်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ နှစ်နိုင်ငံညှိနှိုင်းမှုအရ(၂၀၁၈) နိုဝင်ဘာလလယ်မှာ ပထမအသုတ်အနေနဲ့ လူ(၂၀၀၀)ကျော်စတင်လွှဲပြောင်းဖို့ စီစဉ်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်က အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် နယ်စပ်ဝင်ပေါက်ကနေ စောင့်ဆိုင်းခဲ့ပေမယ့် ဒုက္ခသည်တွေရောက်မလာခဲ့ပါဘူး။နောက်ပိုင်းမှာတော့ရွေးကောက်ပွဲပြီးမှစတင်နိုင်မယ်လို့ဘင်္ဂလားဒေရှ့်ဘက်က အကြောင်းပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့်ဘက်က လူ(၈၀၀၀)ကျော်ရဲ့အချက်အလက်တွေကိုပေးပို့ခဲ့ပြီး မြန်မာဘက်ကအမှန်တကယ်နေထိုင်ဖူးခြင်းရှိမရှိ အချက်အလက်တွေပြန်လည်စစ်ဆေးအပြီးမှာတော့ လူ(၅၀၀၀)ကို ပြန်လည်လက်ခံဖို့ဖြစ်ခဲ့ပါတယ်။ ဒါကိုတော့ လူ(၂၀၀၀)စီ နှစ်သုတ်ခွဲပြီး လက်ခံဖို့ပြင်ဆင်ထားခဲ့တာပါ။အခုတော့ (၂၀၁၉)မှာစတင်နိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။မောင်တောအကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးနေထိုင်နေသူတွေလည်းရှိနေပါတယ်။လူနေထိုင်ခွင့်မရှိတဲ့ ဒီနေရာကသူတွေနဲ့ပတ်သက်လို့ အကြမ်းဖက်မှုမှာပါမပါအစစ်ဆေးခံပြီး မူလနေရပ်မှာ ပြန်လည်နေထိုင်ဖို့ (၂၀၁၈)အတွင်း (၈)ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် နိုင်ငံသားဖြစ်ခွင့်ပေးရေး၊အကြမ်းဖက်စာရင်းမှာ မပါဝင်ကြောင်း အပါအ၀င် သူတို့ဘက်က တောင်းဆိုချက် (၁၂)ချက်ကြောင့် အဆင်မပြေခဲ့ပါဘူး။လက်ရှိနယ်နမိတ်မျဉ်းအနီး နေထိုင်သူ လူ(၃၀၀၀)၀န်းကျင်ရှိနိုင်တယ်လို့ မြန်မာအစိုးရဘက်က ခန့်မှန်းထားပါတယ်။

လက်ရှိမှာ ဒီနေရာကလူတွေကို ဘင်္ဂလားဒေရှ့်ဘက်က ထောက်ပံ့မှုတွေ ရှိနေတာဖြစ်ပါတယ်။ နယ်စပ်မျဉ်းအနီးလူတွေကိစ္စကလည်း (၂၀၁၉)မှာ ဆက်လက်ဖြေရှင်းရမယ့်ကိစ္စဖြစ်နေပါတယ်။နှစ်နိုင်ငံသဘောတူညီချက်နဲ့ ၀င်လာတဲ့သူတွေမရှိခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာရောက်နေတဲ့ ဟိန္ဒူဒုက္ခသည်တွေကတော့ နေရပ်ပြန်လိုနေကြတယ်လို့သိရပါတယ်။ (၂၀၁၈) အောက်တိုဘာလမှာ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဒီစခန်းတွေရောက်တုန်းက ဟိန္ဒူကိုယ်စားလှယ် တွေကပြောကြားခဲ့တာဖြစ်ပြီး ဒီစခန်းတွေမှာ နေရပ်စွန့်ခွာသူ ဟိန္ဒူဘာသာဝင် (၄၃၈)ဦးရှိတယ်လို့သိ ရပါတယ်။ ပြန်လည်လွှဲပြောင်းဖို့ဘင်္ဂလားဒေရှ့်ဘက်ကပေးပို့ထားတဲ့စာရင်းတွေမှာ ဟိန္ဒူတွေမပါသေးတာကြောင့် ဟိန္ဒူတွေ နေရပ်ပြန်နိုင်ရေးက အချိန်စောင့်ရအုံးမှာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဒုတိယအသုတ် လူ(၂၀၀၀)စာရင်းမှာဟိန္ဒူတွေကို ထည့်သွင်းလက်ခံနိုင်ဖို့ညှိနှိုင်းနေပါတယ်။ဟိန္ဒူဘာသာဝင်တစ်ချို့ကတော့မောင်တောမှာကျန်ခဲ့ပြီး အင်းဒင်၊ အလယ်သံကျော် ၊မြင်းလွတ်၊တောင်ပြို အပါအ၀င် မောင်တောဒေသကျေးရွာပေါင်း(၂၂)ရွာက ဟိန္ဒူမိသားစု (၂၉၀)ကျော်၊ လူဦးရေ တစ်ထောင်ကျော်ကတော့မောင်တောမြို့ပေါ်က ဟိန္ဒူဒုက္ခသည်စခန်းမှာ ယာယီပြောင်းရွှေ့နေထိုင်နေကြပါတယ်။

မြန်မာနိုင်ငံဘက်က နေရပ်စွန့်ခွာသူတွေကို ကုန်းလမ်းဝင်ပေါက် တောင်ပြိုနဲ့ရေလမ်းဝင်ပေါက် အဖြစ် ငါးခူရ စခန်းတွေကနေ လက်ခံဖို့ စီစဉ်ထားတာပါ။ဒီစခန်းတွေမှာတော့ တစ်ရက်ကို လူ(၁၅၀)နှုန်းလက်ခံနိုင်ဖို့စီစဉ်ထားပြီး ဒီကနေလှဖိုးခေါင်ကြားစခန်းမှာ ယာယီနေထိုင်စေကာ မူလနေရပ်မှာ နေရာချထားပေးမှာဖြစ်ပါတယ်။ပြန်လည်ဝင်ရောက်လာမယ့်သူတွေကို အကြမ်းဖက်စာရင်းမှာပါမပါနဲ့ အမှန်တကယ်နေထိုင်ဖူးသူ ဟုတ်မဟုတ် စစ်ဆေး လက်ခံကာ ဆန္ဒရှိပါက နိုင်ငံသား စီစစ်မှုလုပ်ငန်းစဉ် ခံယူနိုင်ဖို့ NV ကဒ်တွေထုတ်ပေးမှာဖြစ်ပြီး NV ကဒ်ကိုင်ဆောင်ပါက မောင်တောမြို့နယ်အတွင်း လွတ်လပ်စွာသွားလာခွင့်ရှိမယ် လို့သိရပါတယ်။မောင်တောခရိုင်ဟာ ဧရိယာ (၁၃၆၅)စတုရန်းမိုင် ကျယ်ဝန်းပြီး ဘင်္ဂလာဒေရှ့်နိုင်ငံနဲ့ကုန်းမိုင် (၁၂၀)ကျော် နဲ့ရေမိုင် (နတ်မြစ်)အတွင်း (၃၉)မိုင်ဆက်စပ်မှုရှိနေတာဖြစ်ပါတယ်။ အကြမ်းဖက်ဖြစ်စဉ်မတိုင်ခင်စာရင်းတွေအရ ကျေးရွာပေါင်း (၇၂၀)၊အိမ်ထောင်စု တစ်သိန်းကျော် ၊ လူဦးရေ ရှစ်သိန်းကျော်ရှိတယ်လို့သိရပါတယ်။(၂၀၁၈)အတွင်းမှာတော့ လှေစီးဒုက္ခသည်တွေ၊ပြစ်ဒဏ်ကလွတ်လာသူတွေ အပါအ၀င် မိမိဆန္ဒအလျောက် တာဝန်ရှိသူတွေ နဲ့ ချိတ်ဆက်ဝင်ရောက်လာသူဦးရေ (၁၅၀)ကျော်သာရှိထားပါတယ်။လက်ရှိမှာ ဘင်္ဂလားဒေရှ့်ရွေးကောက်ပွဲ လည်းပြီးသွားပြီဖြစ်တာကြောင့် ၂၀၁၉နှစ်ဆန်းမှာ ပြန်လည်လက်ခံရေးအစီအစဉ် လက်တွေ့ဖြစ်မဖြစ်စောင့်ကြည့်ရမှာပါ။

 

 

Related News