၂၀၁၈ ရဲ့အပြောင်းအလဲတွေထဲမှာ နိုင်ငံတော်သမ္မတရာထူးအပြောင်းအလဲက စိတ်ဝင်စားမှုအမြင့်ဆုံးနဲ့ ထိပ်ဆုံးကနေ ရှိနေခဲ့ပါတယ်။ မတ်လ(၂၁)ရက်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် သမ္မတရာထူးကနေ အနားယူကောင်း ထုတ်ပြန်ချက် က ပြည်သူတွေကြား လှုပ်ခတ်ခဲ့သလို သမ္မတသစ်အပေါ် စိတ်ဝင်စားမှုတွေလည်း မြင့်တက်ခဲ့ပါတယ်။အဲဒီနောက် လက်ရှိ အစိုးရလက်ထက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တဲ့ ဦးဝင်မြင့်က သမ္မတ သစ်ဖြစ်လာခဲ့ပြီး မတ်လ(၃၀)ရက်မှာတော့ ကျမ်းသစ္စာကျိန်ဆိုကာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သမ္မတသစ်အပြောင်းအလဲနဲ့အတူ မြန်မာ့နှစ်သစ်ကူးကာလမှာ အကျဉ်းသားလွတ်ငြိမ်းချမ်း သာခွင့် ပေးခဲ့ တာကလည်း၂၀၁၈ရဲ့ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား(၃၆)ဦးအပါအ၀င် မူးယစ်ပုဒ်မတွေနဲ့ အကျဉ်းကျနေသူအများစုပါဝင်တဲ့ အကျဉ်း သားစုစုပေါင်း (၈၅၄၁)ဦးကို သမ္မတသစ်ရဲ့ညွှန်ကြားချက်နဲ့ ဧပြီလ(၁၇) ရက်မှာ လွတ်ငြိမ်းချမ်းသားခွင့်ပေးခဲ့ပါတယ်။၂၀၁၈ မှာ တပ်မတော်ရဲ့ နှစ်ပေါင်း(၂၀)ကျော်အတွင်း အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုလည်းရှိခဲ့ပါတယ်။ ဆင်ဖြူရှင်လို့ အမည်ပေးထားတဲ့ ဒီ(ကြည်း၊ရေ၊လေ)တပ်ပေါင်းစု ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းကိုတော့ ဖေဖော်ဝါရီ(၂)ရက်နဲ့ (၃)ရက်တွေမှာ ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင်မှာရှိတဲ့တပ်မတော်ရဲ့ လေ့ကျင့်ရေးနယ်မြေ ဧက၅သိန်းကျော်ပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်သည်အင်အား(၈၀၀၀)ကျော်နဲ့လေ့ကျင့်ခဲ့တဲ့ ဒီ(တစ်ဖက်တပ်ပါ)စစ်ရေးလေ့ကျင့်မှုက ၁၉၉၇ခုနှစ် နောက်ပိုင်း တပ်မတော်ရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ခဲ့ပါတယ်။

၂၀၁၈ ရဲ့ နောက်ထပ်ပြည်သူတွေကြားလှုပ်ခတ်ခဲ့တဲ့အကြောင်းအရာကတော့ (၁၂)ရက်ဆက်တိုက် ငြိမ်းသတ်ခဲ့ရတဲ့ ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံမီးဖြစ်ပါတယ်။ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံမီးငြိမ်းဖို့ ဧပြီလ(၂၁) ရက်ကနေ မေလ(၂)ရက်အထိ မီးသတ်ဝန်ထမ်း(၁၇၀၀)ကျော်အပါအ၀င် ၀န်ထမ်းစုစုပေါင်း (၃၂၀၀) ကျော်က ပူးပေါင်းဆောင်ရွက်ခဲ့ရတာဖြစ်ပြီး အနီးပတ်ဝန်းကျင်မြို့နယ်တွေမှာ မီးခိုးငွေ့ထူထပ်မှုနဲ့မီးခိုးငွေ့ကြောင့်ဆေးကုသမှု ခံယူခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။ဧပြီလ(၂၉)ရက်မှာ အစိုးရ၀န်ထမ်းတွေရဲ့ အခြေခံလစာတိုးမြှင့်မှုလည်းရှိခဲ့သလို တစ်ရက်လုပ်ခလစာ အနည်းဆုံးအခ ကြေးငွေအဖြစ် တစ်ရက်(၃၆၀၀)ကျပ်အစား တစ်နာရီကို (၆၀၀)ကျပ်နှုန်းနဲ့ တစ်ရက်ကို(၄၈၀၀)ကျပ်အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာက လည်း၂၀၁၈ရဲ့ပြောင်းလဲမှုတွေမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။

ဧပြီလ(၁)ရက်မှာ မြောင်းမြကြိုးတံတား ပျက်ကျမှုဖြစ်စဉ်က ပြည်တွင်းက တံတားတွေရဲ့ ကြံ့ခိုင်မှုအပေါ် သတိပေး ခေါင်းလောင်းထိုးလိုက်သလိုဖြစ်ခဲ့သလို သြဂုတ်လ(၂၉)ရက်နေ့မှာ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲမြေသားတမံ ကျိုးကျမှုကြောင့် ကျေးရွာ(၈၀)ကျော် ၊ လူဦးရေခြောက်သောင်းကျော် ရေဘေးသင့်ခဲ့ပြီး လယ်ဧကတစ်သိန်း ကျော် ထိခိုက်ခဲ့တာကလည်း ၂၀၁၈မှာ ထူးခြားတဲ့ ဖြစ်ရပ်တွေ အဖြစ်ရှိခဲ့ပါတယ်။၂၀၁၈ ရဲ့ အဓိကဖြစ်စဉ်တွေထဲမှာ နိုဝင်ဘာ(၃)ရက် မှာပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကလည်း အပါ အ၀င် ဖြစ်ပါတယ်။

ဒီ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲကို ပြည်နယ် (၄)ခုနဲ့ တိုင်းဒေသကြီး (၅)ခု က လစ်လပ်မဲ ဆန္ဒ နယ်(၁၃) နေရာ မှာပြုလုပ်ခဲ့တာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၉သိန်းကျော်ရှိတဲ့အထဲက ၄၂ရာခိုင်နှုန်း ဖြစ်တဲ့ မဲဆန္ဒရှင်သုံးသိန်း ရှစ်သောင်း ကျော်မဲလာပေးခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် အချက်အလက်တွေအရသိရပါတယ်။နောက်ထပ် ၂၀၁၈ခုနှစ်ရဲ့ အရေးပါတဲ့အကြောင်းအရာတွေထဲမှာတော့ ဒီဇင်ဘာ(၂၈)ရက်က စပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်ကို ရွှေပြောင်း လိုက် တဲ့အကြောင်းအရာနဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာ(၁၉)ရက်မှာ ထုတ်ပြန်တဲ့ ပင်စင်စားတွေအတွက် ၂၀၁၉ ဇန်န၀ါရီလကစပြီး ခံစားခွင့်တွေတိုးမြှင့်လိုက် တဲ့ ထုတ်ပြန်ချက်ကလည်း ၂၀၁၈မှာ ပြည်သူတွေကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ ဒါကတော့ ၂၀၁၈ အတွင်းက သိသာထင်ရှားတဲ့ တစ်ချို့အကြောင်းအရာ အချက်အလက်တွေပဲဖြစ်ပါတယ်။

 

 

Related News