သင်္ကြန်အကြိုကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှုတွေလျော့နည်းကျဆင်းရေး အတွက်  ထိရောက်တဲ့ ကြိုတင်ကာကွယ်ဖမ်းဆီးအရေးယူမှု တွေမှာ မူးယစ်ဆေးဝါးဖမ်းဆီးမှု အမှုပေါင်း(၄၀၀)ကျော်ရှိနေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောပါတယ်။မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဒီနှစ်ရန်ကုန်မြို့တော်မှာတော့ အရင်နှစ်တွေကထက် ပိုမိုစည်ကားသိုက်မြိုက်အောင် ကျင်ပသွားမှာဖြစ်ပြီး ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေ လမ်းလျှောက်သင်္ကြန်၊ တိုင်းရင်းလူမျိုးတွေရဲ့ ရိုးရာသင်္ကြန်မဏ္ဍပ်တွေအပါအ၀င် စတုဒီသာ ကျွေးမွေးမှုတွေလည်း ပါဝင်မှာလည်းဖြစ်ပါတယ်။ လုံခြုံရေးကျိုးပေါက်မရှိစေဖို့ တိုင်းဒေသကြီးအစိုးရ အပါအ၀င် သက်ဆိုင်ရာရဲတပ်ဖွဲ့အသီးသီးက အထူးအလေးအနက်ထား ဆောင်ရွက်နေကြတာပါ။ ဒီအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်ဝင်းနိုင်က ဦးဆောင်ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့က လုပ်ဆောင်မယ့်  လုံခြုံရေးနှင့် မှုခင်းကျဆင်းရေး လုပ်ငန်းတွေအတွက် ညှိနှိုင်းအစည်းအဝေးကို ဧပြီ(၉)ရက်က ပြုလုပ်ပါတယ်။

ရဲတပ်ဖွဲ့က လုံခြုံရေးနှင့် မှုခင်းကျဆင်းရေးအတွက် အသေးစိတ် ဆောင်ရွက်မယ့် အစီအမံတွေ၊ လက်ရှိမှာ သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးနေတာတွေ၊ ကြိုတင်ကာကွယ်နေတာတွေကို ရှင်းလင်းညှိနှိုင်းခဲ့ကြတာပါ။ သင်္ကြန်အကြိုကာလအတွင်း ဧပြီ(၁)ရက် ကနေ (၈)ရက်နေ့ထိ  ကြိုတင်ကာကွယ်မှုတွေထဲ မူးယစ်ဆေးဝါးတွေဟာ နေ့စဉ်ဆက်တိုက်ဖမ်းမိနေပြီး ဒီ(၈)ရက်တာ အတွင်းအမှုပေါင်း(၄၀၀)ကျော်ရှိတယ်လို့ ဒုရဲမှူးကြီးမြင့်ထွေးက ပြောပါတယ်။လက်ရှိမှုးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေမှာ ကားလမ်းကြောင်း၊ လျှို့ဝှက်သယ်ဆောင်တဲ့ လမ်းကြောင်းတွေကနေ အစားအသောက်နဲ့ အသုံးအဆောင် ပစ္စည်းတွေနှင့် ရောနှော သယ်ဆောင်တာတွေ အပါအ၀င် နည်းအမျိုးမျိုးနဲ့ သယ်ဆောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

ရှာဖွေဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သတင်းရရှိတဲ့ ကားတွေ၊ နေရာတွေသာ  စစ်ဆေးရှာဖွေတာတွေကို လုပ်ဆောင်နိုင်သေး တယ်လို့ဆိုပါတယ်။ အမှတ်(၃)မူးယစ်တပ်ဖွဲ့ကပဲ ဖမ်းမိတဲ့ အမှုပေါင်း (၅၀)ရှိပြီး  တရားခံ(၇၃)ဦးအရေးယူထားတယ်လို့လည်း တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးဇော်မင်းဦးက ပြောပါတယ်။ အများဆုံးဖမ်းဆီးရမိတဲ့ဆေးဝါးတွေကတော့ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဆေးခြောက်၊ ဘိန်းဖြူ တွေဖြစ်နေတယ်လို့လည်းပြောပါတယ်။ လက်ရှိမှာ  မြို့ဝင်မြို့ထွက်တွေနဲ့ တိုင်းဒေသကြီး နယ်မြေအလိုက်သက်ဆိုင်ရာ နယ်မြေ၊ မူးယစ်၊ သစ်တော စည်ပင်ရဲတပ်ဖွဲ့တွေနဲ့ ရပ်ကွက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး အသေးစိတ်ရှာဖွေ ဖမ်းဆီးမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးမှုတွေကို နေချင်းပြီးအမှုဖွင့် အရေးယူနိုင်အောင် လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ 

 

 

Related News