ရပ်ရွာနေ ပြည်သူအခြေပြု ရဲလုပ်ငန်းဆောင်ရွက်နေတဲ့ မြို့နယ်တိုင်းမှာ CCTV ကင်မရာတွေ တပ်ဆင်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ကြေးငွေ ကျပ်သိန်း ၃၀၀၀ ကျော် ပေးအပ်မှုကို မတ်လ (၂၉)ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ အခုလို ထောက်ပံ့ငွေပေးအပ်မှုဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆဋ္ဌမအကြိမ် ထောက်ပံ့ငွေပေးခဲ့ပါတယ်။ ထောက်ပံ့ငွေပေးအပ်ရာမှာ အရင်က ထောက်ပံ့ငွေနဲ့ CCTV တပ်ဆင်ခဲ့ပြီးတဲ့မြို့နယ်တွေကို ကျပ်သိန်းငါးဆယ်စီပေးအပ်ပြီး လုံးဝမတပ်ဆင်ရသေးတဲ့ မြို့နယ်တွေ ကိုတော့ ကျပ်သိန်းတစ်ရာစီပေးခဲ့တာဖြစ်ပါတယ်။

မှုခင်းကျဆင်းရေးနဲ့ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ဖို့ ပြည်သူအခြေပြု ရဲလုပ်ငန်းဆောင်ရွက်နေတဲ့ မြို့နယ်တွေမှာ CCTV စောင့်ကြည့်ကင်မရာတွေ တပ်ဆင်သွားမယ်လို့ ရဲမှူးလှဝေက ပြောပါတယ်။ တပ်ဆင်ရာမှာလည်း  မြို့နယ်ရဲ့ အကျယ်အ၀န်းအလိုက် ကင်မရာအလုံးရေတပ်ဆင်မှာဖြစ်ပြီး CCTV ကင်မရာ ထိန်းချုပ်ခန်းတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ ထားရှိသွားမယ်လို့ ဆက်လက် ပြောကြားခဲ့တာပါ။CCTV မှတ်တမ်းတွေကြောင့် မှုခင်းဖော်ထုတ်နိုင်မှု ခြောက်ဆယ်ရာခိုင်နှုန်းကျော်ရှိပြီး ရပ်ရွာနေပြည်သူ အခြေပြုရဲလုပ်ငန်းဆောင်ရွက်တဲ့ နှစ်နှစ်အတွင်း လူသတ်မှု ၂၄ မှု လျော့ကျခဲ့ပါတယ်။

လက်ရှိ ပြည်သူအခြေပြု ရဲလုပ်ငန်းဆောင်ရွက်နေတဲ့ တွံတေးမြို့နယ်မှာတော့ ယခုရရှိတဲ့ ထောက်ပံ့ငွေနဲ့ CCTV ကင်မရာတွေ ထပ်တိုးတပ်ဆင်သွားမယ်လို့ တွံတေးမြို့နယ် လွှတ်တော်အမတ် ဒေါက်တာ ကျော်ဇင်ဦးက ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ CCTV ကင်မရာ တပ်ဆင်ထားတဲ့ မြို့နယ်(၁၈)မြို့ရှိပြီCCTVအလုံးရေ (၂၅၁)လုံး တပ်ဆင်ထားပါတယ်။ ရပ်ရွာနေပြည်သူအခြေပြုရဲလုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဇွန်လကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ယခုနှစ်အတွင်း မြို့နယ်(၂၀)မှာ ထပ်မံဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

 

 

Related News