(၇၃)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် တပ်မတော်ဂုဏ်ပြုဇာတ်လမ်းမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေ၊ စစ်ချီတေး၊ စစ်သည်တေးများနဲ့ ကဗျာ၊ ၀တ္ထုစာမူပြိုင်ပွဲတွေမှာ ဆုရရှိခဲ့သူတွေကို ဂုဏ်ပြုဆုတွေချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုဆုတွေချီးမြင့်တဲ့ အခမ်းအနားကို မတ်လ(၂၇)ရက်က နေပြည်တော်မှာရှိတဲ့ ဘုရင့်နောင်ရိပ်သာမှာ ပြုလုပ်ခဲ့တာပါ။ အခမ်းအနားကို တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးတက်ရောက်အမှာ စကားပြောကြား ခဲ့ပါတယ်။

စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စတဲ့ အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေဟာ တပ်မတော်သားတွေရဲ့ စိတ်ဓာတ် တွေကိုတက်ကြွလာစေတဲ့အပြင် စွမ်းရည်သတ်္တိတွေလဲမြင့်မားလာစေပြီး ပြည်သူတွေအနေနဲ့ တပ်မတော် သား ဘ၀တွေအပေါ် ချစ်ခင်ရင်းနှီးလာကာ တပ်မတော်နဲ့ပြည်သူ ချစ်ကြည်ရင်းနှီးမှုကိုပိုမို တိုးတက်လာစေတယ်လို့ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောပါတယ်။(၇၃)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုတွေချီးမြှင့်ရာမှာ တပ်မတော် ဂုဏ်ပြု ဇာတ်လမ်းဖြစ်တဲ့ စစ်ကိုမုန်း၍တိုက်ခဲ့သည် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်၁၉ဦးနဲ့ ရဲမေ၁၀ဦးကိုလည်ကောင်း၊ တပ်မတော်နေ့ဂုဏ်ပြု စစ်ချီတေးသီချင်း၊ စစ်သည်တေးသီချင်းနဲ့ ကဗျာ၊ ၀တ္ထု စာမူ ပြိုင်ပွဲ တွေမှာဆုရရှိခဲ့သူ(၂၇)ဦးကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာတွေနဲ့ ဂုဏ်ပြုဆုတံဆိပ်တွေ ပေးအပ်ခဲ့ တယ်လို့သိရပါတယ်။

ယခင်ကတပ်မတော်နေ့အထိမ်းအမှတ်အဖြစ် စာပေအနုပညာပြိုင်ပွဲတွေကို  ပန်ချီ၊ ပန်းပု အပါအ၀င် ပြိုင်ပွဲမျိုးစုံပညာရှင်အဆင့် ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတွေအထိပြုလုပ်ပေးခဲ့ပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုရပ်နားခဲ့ရာ ကနေ ၂၀၁၄ခုနှစ်မှာ ကျရောက်ခဲ့တဲ့ (၆၉)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားက စတင်ပြီး ပြိုင်ပွဲသုံးမျိုးကိုအလွတ်တန်း ပြန်လည်ကျင်းပကာ ဆုပေးရွေးချယ်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

 

Related News