အရင်နှစ်တွေကထက် ပိုမိုစည်ကားသိုက်မြိုက်အောင်ကျင်းပလုပ်ဆောင်မယ့် ရန်ကုန်သင်္ကြန် ကာလမှာ ဖြစ်ပွားလာမယ့် အမှုအခင်းတွေကို တစ်ရက်တည်အပြီးပြတ်အမိန့်ချမှတ်နိုင်အောင် အထူးတရားရုံးတွေကို  ပိတ်ရက်မရှိ ဖွင့်လှစ်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီနှစ်မြန်မာ့နှစ်သစ်ကူးရေသဘင် သင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့တော်မှာ အရင်နှစ်တွေကထက် ပိုမိုစည်းကားသိုက်မြိုက်အောင် ကျင်းပသွားမှာဖြစ်ပြီး ရေကစားမဏ္ဍပ်နဲ့ဖြေဖျော်ရေးမဏ္ဍပ်တွေကိုလည်း တိုင်းဒေသကြီးအစိုးရက အများအပြား ခွင့်ပြုပေးသွားမှာလည်းဖြစ်ပါတယ်။ လမ်းလျှောက်သင်္ကြန် ၊တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာသင်္ကြန်မဏ္ဍပ်တွေအပါအ၀င် စတုဒီသာ ကျွေးမွေးမှုတွေလည်း ပါဝင်မှာပါ။ ဒီအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဌာနအသီးသီးက သူတို့ရဲ့အစီအမံတွေ၊ ကြိုတင်ပြင်ဆင်မှုတွေကို တိုင်းဒေသကြီးရဲတပ်ဖွဲ့ကပြုလုပ်တဲ့ “ဘေးကင်းနွှဲပျော် သင်္ကြန်ပွဲတော်” စကားဝိုင်းမှာ ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

သင်္ကြန်ကာလမှာ လုံခြုံရေးအပါအ၀င် ဖြစ်ပွား လာနိုင်မယ့် အမှုအခင်းတွေ အတွက်လည်း ကြိုတင်ပြင်ဆင်ထားတဲ့အပြင် တရားစီရင်ရေး အပိုင်းအနေနဲ့ ဒီကာလမှာ အထူးတရားရုံးတွေ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ အမှုတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ ဥပဒေအရာရှိတွေဟာလည်း အမှုတွေကိုလိုက်ပါ ဆောင်ရွက်ပေးသွားမှာပါ။ ကိုကိုးကျွန်းမြို့နယ်မပါ ကျန်(၄၄)မြို့နယ်က မြို့နယ်တရားရုံးတွေအာလုံးကို အထူးတရားရုံးတွေအဖြစ် ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်ပြည်ခိုင်မာဦးက ပြောပါတယ်။ပျော်ပါးလွန်ပြီး အများပြည်သူကို အနှောင့်အယှက်ဖြစ်စေတာ၊အနှောင့်အယှက်ပေးတာနဲ့ အများပြည်သူရဲ့ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေတဲ့ပြုမှု၊ပြောဆိုတာတွေကို  ဥပဒေအရ အရေးယူ ဆောင်ရွက်တာတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ 

ရဲတပ်ဖွဲ့တွေက တရားစွဲတင်ပို့လာတဲ့ အမှုတွေကို အဓိကထားကာ နေ့ချင်းပြီး အမိန့်ချနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ဒါ့ပြင် တချို့အမှုတွေမှာ ဆေးစာ၊သက်သေခံပစ်္စည်းသိမ်းတာ စတာတွေကြောင့် အချိန်လိုအပ်လို့ နေ့ချင်းမပြီးနိုင်တဲ့အမှုတွေကို ချုပ်မိန့်ရမန်တောင်းခံစေပြီး ဆက်လက်လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဒီအထူးတရားရုံးတွေကို ဧပြီလ(၁၃)ရက် ကနေ (၁၆)ရက်ထိ မနက်(၉)နာရီကနေ ညနေ(၅) နာရီထိ အချိန်ပို ဖွင့်ထားပေးမှာဖြစ်တယ်လို့သိရပါတယ်။ အရင်နှစ်တွေက သင်္ကြန်ကာလအတွင်း တရားရုံးတွေကိုရောက်ရှိလာတဲ့ အများဆုံး အမှုတွေကတော့ မူးယစ်ယမ်းကားမှု၊ ယစ်မျိုး၊ ယာဉ်တိုက်မှု၊ ရေပူပေါင်းနဲ့ပစ်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ လက်နက်ကိုင်ဆောင်ရေကစားမှုစတဲ့အမှုတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

 

Related News