လိပ်ကျွန်းအမှုလိုပဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးတရားစွဲဆိုထားတဲ့ ထိုင်းရနောင်း လူသတ်မှုနဲ့ ပတ်သက်ပြီး လာမယ့် မတ်လ(၂၉)ရက်နေ့မှာ အပြီးသတ်အမိန့်ချတော့မှာ ဖြစ်ပါတယ်။ ဒီအမှုကို လိုက်လံကူညီ ဆောင်ရွက်ပေးနေတဲ့ ထိုင်းအခြေစိုက်FEDအဖွဲ့ရဲ့ တာဝန်ရှိသူတွေနဲ့ စွပ်စွဲခံမြန်မာလုပ်သားတွေရဲ့ မိခင်တစ်ဦးက အမှုရဲ့ နောက်ဆုံးအခြေအနေ တွေကို မတ်လ(၁၂) ရက်နေ့က ရန်ကုန်ကို လာရောက်ရှင်းလင်းခဲ့ပါတယ်။ထိုင်းကျောင်းသူအသတ်ခံရမှုနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားလေးဦးကို တရားစွဲဆိုစစ်ဆေးနေတာ အခုဆို (၂)နှစ်ခွဲနီးပါးရှိ နေပါပြီ။လက်ရှိမှာ ရုံးချိန်း(၇၄)ခု ပြီးဆုံးတဲ့နောက် လာမယ့်၂၉ရက်နေ့မှာ အမိန့်ချတော့မှာဖြစ်ပါတယ်။

DNA မတူဘူးဆိုတဲ့ ထိုင်းမျိုးရိုးဗီဇဆရာဝန်ရဲ့ စိစစ်ဆေးတွေ့ရှိချက်တွေ၊ ထိုင်းကျောင်းသူအသတ်ခံရချိန် မြန်မာလေးဦးဟာ လုပ်ငန်းခွင်အတွင်း ရှိနေကြောင်း လုပ်ငန်းရှင်ကိုယ်တိုင် စွပ်စွဲခံမြန်မာလေးဦးဘက်က ထွက်ဆိုချက်တွေရှိနေပေမယ့် လိပ်ကျွန်းအမှုလို အမိန့်ချလိုက်မှာ စိုးရိမ်တယ်လို့ ဒီအမှုအတွက် မြန်မာဘက်က ကူညီပေးနေသူ ဦးထူးချစ်က ပြောပါ တယ်။မြန်မာလူငယ် လေးဦးဟာ အမှုဖြစ်ပြီး တစ်လအကြာမှာ ဖမ်းဆီးတရားစွဲဆိုခံရတာဖြစ်ပြီး ဖမ်းဆီးချိန်မှာနှစ်ဦး ဟာ အသက် မပြည့်သေးပါဘူး။ အခုအမှုအတွက် ထိုင်းရှေ့နေများကောင်စီကတော့ စွပ်စွဲခံမြန်မာလုပ်သားများဘက်က ကူညီဆောင်ရွက် ပေးနေပါတယ်။ ထိုင်းမျိုးရိုးဗီဇဆရာဝန်ကDNAမတူကြောင်း ပြောဆိုပေမယ့် ထိုင်းမှုခင်းဆရာဝန်ကတော့ လိပ်ကျွန်းအမှုလိုပဲ DNAတူ တယ်ဆိုပြီး ထွက်ဆိုထားပါတယ်။

လုပ်ငန်းရှင်ကိုယ်တိုင် လုပ်ငန်းခွင်အတွင်းရှိနေကြောင်းထွက်ဆိုထားပေမယ့် ထိုင်းရဲတပ် ဖွဲ့ ယူဆောင်သွားတဲ့ လုပ်ငန်းခွင် CCTV မှတ်တမ်းအတွင်း စွပ်စွဲခံ မြန်မာတွေ လုပ်ငန်းခွင်အတွင်း ရှိနေတဲ့ ပုံရိပ်ပြန် ပါမလာတော့တာတွေ သံသယဖြစ်စေတယ်လို့ ပြောပါတယ်။ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ ရပ်ကွက်တစ်ခုအတွင်း အသက်(၁၆)နှစ်အရွယ် ထိုင်းမြန်မာကပြား အထက်တန်းကျောင်း သူတစ်ဦး ၂၀၁၅ခုနှစ် စက်တင်ဘာ ၂၈ရက်နေ့က အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာရွှေ့ပြောင်း လုပ်သားလေးဦးဖြစ်တဲ့ ကျော်စိုးဝင်း၊ မိုးဇင်အောင်၊ စိန်ကတုံးနဲ့ ဝေလင်းတို့ကို ပူးပေါင်းကြံစည်သတ်ဖြတ်မှု၊ တရားမ၀င်လက်နက်ကိုင်ဆောင်မှု၊ လိမ်လည်ထွက်ဆိုမှုတွေနဲ့ ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

 

 

 

Related News