အစိုးရက ဦးဆောင်ပြီး ဆောင်ရွက်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တိုက်တွန်းလိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၁၂ ရက်က နေပြည်တော်ရှိ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တဲ့ (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သ၀ဏ်လွှာပေးပို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဦးထင်ကျော်ရဲ့ သ၀ဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနဲ့အတူ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သ၀ဏ်လွှာအတွင်းပါရှိပါတယ်။

ပြည်ထောင်စုစိတ်ဓါတ်ခိုင်မာမှုမရှိရင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့အတွက် အလှမ်းဝေးနေမှာဖြစ်တဲ့အပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အဓိက လိုအပ်ချက်ဟာ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ယုံကြည်မှုရှိဖို့ဖြစ်ပြီး တွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့ နည်းလမ်းနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သ၀ဏ်လွှာအတွင်းမှာပါရှိ ပါတယ်။(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားကို ဒုတိယသမ္မတ  ဦးမြင့်ဆွေ ၊ ပြည်ထောင်စုဝန်ကြီးတွေ ၊ဒုတိယ၀န်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

 

 

 

Related News