ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ပင်လုံ တတိယအစည်းအဝေးကို အခုဖေဖော်ဝါရီလအတွင်း ပြုလုပ်နိုင်ဖို့ အစိုးရဘက်ကလျာထားပေမယ့် မကြာခင် NCA လက်မှတ်ထိုးတော့မယ့် မွန်ပြည်သစ်ပါတီ ကတော့ မွန်အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးကျင်းပပြီးမှ ပင်လုံအစည်းအဝေးပြုလုပ်ဖို့ အစိုးရနဲ့ တပ်မတော်ဘက်ကို တင်ပြထားတယ်လို့ သိရပါတယ်။ညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ (UNFC)  အဖွဲ့ဝင် အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းရုံး (LDU) တို့ဟာ လာမယ့်ဖေဖော်ဝါရီ (၁၃)ရက်နေ့မှာ NCA လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။
 
ဒါဟာအစိုးရသစ်လက်ထက် ပထမဆုံး NCA ထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။ဒီထဲက မွန်ပြည်သစ်ပါတီကတော့ လူထုတွေ့ဆုံပွဲ တွေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ပြီးမှ ၂၁ ပင်လုံကို တက်ရောက်ဖို့ အစိုးရဘက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး NCA အကောင်အထည်ဖော်မှု ဆိုင်ရာအစည်းအဝေး JICM အဆုံးအဖြတ်ယူ ရမှာဖြစ်ပြီး ပင်လုံကျင်းပမယ့်ရက်ကို ပြန်လည်ညှိနှိုင်းရမှာ ဖြစ်တယ်လို့ နိုင်အောင်မင်းက ပြောပါတယ်။
 
UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ ဒီအဖွဲ့နှစ်ဖွဲ့ဟာ UNFC နဲ့ ၄င်းတို့ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ(၁၀)ရက်နေ့မှာ ပြုလုပ်မယ့် ကောင်စီအစည်းအဝေးမှာ ဆွေးနွေးမှာဖြစ်သလို  ANC နဲ့KNPP နှစ်ဖွဲ့သာကျန်တော့မယ့် UNFC ဘယ်လိုဆက်လက်ရပ်တည်မလည်းဆိုတာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းရုံးတို့ဟာ ဖေဖော်ဝါရီ (၁၃)ရက်မှာတော့ အစီအစဉ်နှစ်ခုနဲ့ လက်မှတ်ထိုးမှာဖြစ်ပါတယ်။ အရင် UNFC နဲ့ အစိုးရကြားဆွေးနွေးနေတဲ့ အချက်(၈)ချက်နဲ့ ပတ်သက်ပြီး နောက်ဆုံးအစည်းအဝေးအထိ သဘောတူညီချက်တွေအပေါ် Deek of Commitment  လက်မှတ်ရေးထိုးမှာဖြစ်သလို ဒုတိယတစ်ခု အနေနဲ့ NCA စာချုပ်ကို လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။
 
၂၁ပင်လုံတတိယအစည်းအဝေးကို၂၀၁၇ ဒီဇင်ဘာလကနေ တဖြည်းဖြည်း ရက်ရွှေ့လာတာ နောက်ဆုံး ၂၀၁၈ ဖေဖော်ဝါရီလအတွင်း ကျင်းပနိုင်ဖို့ ရည်မှန်းထားတာပါ။ ဒါပေမယ့်ကြားမှာ RCSS ဘက်က ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းထားသလို အပစ်ရပ်ရှစ်ဖွဲ့ကလည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လွတ်လပ်စွာ ကျင်းပခွင့်မရပါက ပင်လုံအစည်း အဝေးပြုလုပ်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒီ့အတွက် အစိုးရနဲ့အပစ်ရပ်အဖွဲ့တွေကြား ဆွေးနွေးနေဆဲအဆင့်သာ ရှိနေသေးတယ်လို့ PNLO တာဝန်ရှိသူကပြောပါတယ်။  
 
 
 

Related News