စစ်ဖြစ်မှာကိုမလိုလားပေမယ့် စစ်အင်အားပြ ခြိမ်းခြောက်မှုတွေအပါအ၀င်ပုံစံအမျိုးမျိုးနဲ့ ခြိမ်းခြောက်မှုတွေရှိနေသေးတာကြောင့် နိုင်ငံကြီးတွေကြားက နိုင်ငံငယ်တွေအနေနဲ့ ကာကွယ်ရေးအတွက် မဖြစ်မနေပြင်ဆင်မှုတွေလုပ်နေရတယ်လို့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။ 
 
ပုသိမ်ခရိုင် တပ်မတော်လေ့ကျင့်ရေးဧရိယာအတွင်းဖေဖော်ဝါရီ(၃)ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်ရဲ့ (ကြည်း၊ရေ၊လေ) တပ်ပေါင်းစုစစ်ဆင်ရေး လေ့ကျင့်ခန်း(ဆင်ဖြုရှင်)မှာ ပြောကြားသွားတာ ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံတစ်ခုကိုတိုက်ခိုက်သိမ်းပိုက် ကျွန်ပြု မယ့်အခြေအနေမျိုး အခွင့်အလမ်းနည်းပါးပေမယ့် စစ်အင်အားပြခြိမ်းခြောက်မှုတွေကတော့ ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် နိုင်ငံငယ် တွေ ဟာ ကာကွယ်ရေးအတွက် ပြင်ဆင်မှုတွေမဖြစ်မနေလုပ်ဆောင်နေရတယ်လို့ပြောပါတယ်။
ဒါ့အပြင် တပ်မတော်အနေနဲ့လက်ရှိမှာ နောက်ခံသမိုင်း အမျိုးမျိုးနဲ့ ရပ်တည်လှုပ်ရှားနေတဲ့ ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းသူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရဆဲဖြစ်ပြီး လွတ်လပ်ရေးရပြီး ဖြစ်ပေမယ့် လုံခြုံရေးနဲ့တည်ငြိမ်မှုလိုအပ်နေဆဲဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
 
တစ်ဖက်မှာလည်း တပ်မတော်သားတွေအနေနဲ့ကျွမ်းကျင်မှုနဲ့နည်းပညာမြင့်မားအောင် ဆောင်ရွက်ဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မှာကြားပါတယ်။တပ်မတော်အနေနဲStandard Army  ဖြစ်ဖို့ ဖွဲ့စည်းပုံ၊ လက်နက် တပ်ဆင်မှုနဲ့ကျွမ်းကျင်မှု တွေ လိုအပ်နေသေးပြီး အဲအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ မီဒီယာတွေရဲ့မေးမြန်းမှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖြေကြား ပါတယ်။
 
လက်ရှိမှာ တပ်မတော်အနေနဲ့ ခဲယမ်းတွေကို ပြည်တွင်းမှာထုတ်လုပ်နေတာဖြစ်ပြီး တိုက်ခိုက်ရေး ရေယာဉ် (ဖရီဂိတ်)တွေကို ကိုယ်ပိုင် တည်ဆောက်အသုံးပြုနေသလို အမျိုးသား အကျိုးစီးပွားများပြားတဲ့ မြန်မာ့ရေပိုင်နက်အတွက် ရေငုပ် သင်္ဘောပိုင်ဆိုင်ရေးလည်း လုပ်ဆောင်နေတယ်လို့ တပ်မတော် (ရေ)ရဲ့တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
 
တပ်မတော်အနေနဲ့  ကာကွယ်ရေးအတွက်လေ့ကျင့်ပြင်ဆင်မှုတွေအဖြစ် (ကြည်း၊ရေ၊လေ) တပ်ပေါင်းစုစစ်ဆင်ရေး လေ့ကျင့်ခန်းတွေကို ၁၉၉၅ခုနှစ်နောက်ပိုင်း သုံးကြိမ်ပြုလုပ်ထားပြီးဖြစ်သလို ရေတပ် လေ့ကျင့်မှုတွေကိုလည်း ၂၀၁၄ခုနှစ်နောက်ပိုင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ်္ပလီပင်လယ် မြန်မာ့ရေပိုင်နက်အတွင်း လေးကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။အခုနောက်ဆုံး တပ်မတော်ရဲ့ (ကြည်း၊ရေ၊လေ) ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်မှု ပြုလုပ်နေချိန်မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့လည်း ၄င်းတို့ရဲ့ပိုင်နက်အတွင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့သလို ထိုင်းနိုင်ငံအနေနဲ့လည်း မကြာခင်မှာ အမေရိကန်နဲ့ပေါင်းပြီး ကော်ပရာဂိုးစစ်ရေး လေ့ကျင့်မှု ကို ပြုလုပ်တော့မှာဖြစ်ပါတယ်။
 
 
 
 

Related News