ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူပိုင်နေရာတွေမှာ အရက်သေစာသောက်စား သူတွေကို ဖမ်းဆီးအရေးယူနေပြီး နှစ်လအတွင်းမှာ အမှုပေါင်း(၂၅၀၀)ကျော် ဖမ်းဆီးအရေးယူထား တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူဝင်ထွက်သွာလာရာ နေရာတွေဖြစ်တဲ့ ပလက်ဖောင်း၊ လမ်းလယ်ကျွန်း၊ ခုံးကျော်တံတားအောက်တွေ၊ ပန်းခြံ၊ ကန်ဘောင်တွေ စတဲ့ အများပြည်သူပိုင် နေရာတွေမှာ အရက်သေစာသောက်စားမှုတွေကို ခွင့်မပြုတော့ဘူးလို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလက စတင်တားမြစ်လိုက်ပြီး အဲဒ်ီလအတွင်းမှာပဲ အရက်သေစာသောက်စားသူတွေကို တစ်လတာ အသိပညာပေးကာလအဖြစ် သတ်မှတ်ခဲ့တာပါ။
 
နိုဝင်ဘာလကမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူပိုင်နေရာတွေမှာ အရက်သေစာသောက်စားသူတွေကို စတင်ဖမ်းဆီးအရေးယူခဲ့ပြီး  ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ထိ နှစ်လတာအတွင်း အမှုပေါင်း(၂၅၀၀)ကျော် ဖမ်းဆီးအရေးယူထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။  
 
ခုလို အများပြည်သူပိုင်နေရာတွေမှာ အရက်သေစာသောက်စားသူတွေကို သက်ဆိုင်ရာမြို့နယ် အလိုက် နယ်မြေခံရဲတပ်ဖွဲ့နဲ့တိုင်းအကူတပ်ဖွဲ့၊ စည်ပင်ရဲ၊ ယာဉ်ထိန်းရဲ၊ အုပ်ချူပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက အသိပညာပေး လုပ်ဆောင်ခဲ့သလို ဖမ်းဆီးအရေးယူတာ တွေကို လုပ်ဆောင်ခဲ့တာပါ။
 
ခုလို အများပြည်သူပိုင်နေရာတွေမှာ အရက်သေစာသောက်စားတာကို တားမြစ် ဖမ်းဆီးအရေးယူတာတွေကြောင့် နာကျင်စေမှုတွေဖြစ်ပွားတာတွေ ကျဆင်းလာတာ အပါအ၀င် မှုခင်းလျော့ကျရေးအတွက် များစွာအထောက်အကူပြုတယ်လို့ ဆိုပါတယ်။
 
 အများပိုင်ပြည်သူနေရာတွေမှာ အရက်သေစာသောက်စားသူတွေကို ရန်ကုန်ရဲအက်ဥပဒေနဲ့ အရေးယူဖမ်းဆီးနေတာဖြစ်ပြီး  ငွေဒဏ်(၅၀)ဖြစ်စေ၊ ထောင်ဒဏ် (၁)ရက် ကနေ(၈)ရက်ထိဖြစ်စေ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ချမှတ်ပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီအမှုပေါင်း (၂၅၀၀၀)ကျော်မှာ ထောင်ဒဏ်ချမှတ်ခံရတဲ့ အမှုက(၅၀၀)၀န်းကျင်ရှိပြီး ကျန်တာကတော့   ဒဏ်ငွေ(ကျပ် ၅၀)ချမှတ်ခံရတာဖြစ်တယ်လို့လည်း သိရပါတယ်။ 
 
 
 
 
 

Related News