တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ တစ်ခုဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီတပ်ဦး (ABSDF) အနေနဲ့ လာမယ့် ၂၁ပင်လုံ တတိယအစည်းအဝေးမှာ လူထုသဘောထားဆန္ဒတွေကို ထင်ဟပ်စေမယ့် မူဝါဒတွေတင်ပြနိုင်ဖို့ အကြိုလူထုဆွေးနွေးပွဲတွေကို  ပြုလုပ်နေပါတယ်။ ရန်ကုန်မြို့မှာတော့ ဇန်န၀ါရီ(၆)ရက်နဲ့ (၇)ရက်က တာမွေမြို့နယ်၊ဖိုးစိန်လမ်းမှာရှိတဲ့ Best Western Green Hill Hotel  မှာ ပြုလုပ်ခဲ့ပါတယ်။
 
အခု အကြိုလူထုတွေ့ဆုံဆွေးနွေးပွဲမှာတော့ အမျိုးသမီးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့များ၊ တက်ကြွလှုပ်ရှားသူတွေစတဲ့ အဖွဲ့အစည်း(၁၀)ခုခန့် က လူဦးရေ(၆၀)လောက် တက်ရောက်ဆွေးနွေးခဲ့ ကြပါတယ်။NCA လက်မှတ်ရေးထိုးပြီး အဖွဲ့တွေရဲ့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူဝါဒ(၁၀)ချက် ပေါ်မူတည်ပြီး ဆွေးနွေးအကြံပြုချက်တွေနဲ့ သဘောထားတွေကို ရယူခဲ့တာဖြစ်ပါတယ်။ ၂၁ပင်လုံ ဒုတိယအစည်းအဝေးအတွက်လည်း ပြီးခဲ့တဲ့နှစ်အတွင်း ရန်ကုန်မြို့မှာ အခုလို လူထုအကြိုတွေ့ဆုံ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး အခုတစ်ကြိမ်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။
 
ABSDF အနေနဲ့ အခုအကြိုလူထုဆွေးနွေးပွဲတွေကနေတဆင့်သဘောထားတွေ ရယူပြီး ပင်လုံအစည်းအဝေးကို မူဝါဒတင်သွင်းတာ ဖြစ်ပါတယ်။ လူထုအကြိုဆွေးနွေးပွဲတွေကို တိုင်းဒေသကြီးတွေမှာပြုလုပ်မှာဖြစ်ပြီး လက်ရှိမှာ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ပြုလုပ်ပြီး ဖြစ်သလို အခုအပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ပင်လုံတတိယအစည်းအဝေးကိုတော့ လာမယ့် ဇန်န၀ါရီ နောက်ဆုံးပတ်မှာ ပြုလုပ်နိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ 
 
 
 

Related News