UNFC အနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) ညှိနှိုင်းတုန်းက မပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သစ်တွေကို အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပါက အစိုးရဘက်က UNFC နဲ့ ဆက်ဆွေးနွေးမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။NCA ဆွေးနွေးစဉ်က ပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၂၁ဖွဲ့ကလွဲလို့ အဖွဲ့သစ်တွေကို လက်ခံ၊ အသိမှတ်ပြုမှာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။ ဒါကြောင့် ဒါကို အစိုးရရဲ့သဘောထားအဖြစ် ငြိမ်းချမ်းရေး ကော်မရှင်ကနေတဆင့် UNFC ရဲ့ကိုယ်စားလှယ်အဖွဲ့ DPN ထံ ဇွန်လ၁၆ရက်နေ့က တရားဝင်သွားရောက်အသိပေးခဲ့ပါတယ်။ NCA မထိုးထားတဲ့အဖွဲ့တွေပါတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေနဲ့ လာမယ့် ရက်ပိုင်းအတွင်းကျင်းပတော့မယ့် သူတို့ရဲ့ညီလာခံမှာ အဖွဲ့ကိုပြန်ဖွဲ့ဖို့ ရှိနေပါတယ်။ လက်ရှိမှာ ကချင်လက်နက်ကိုင် အဖွဲ့ KIO အပါအ၀င် UNFC ကနေ နှုတ်ထွက်ဖို့ တင်ပြထားတဲ့အဖွဲ့တစ်ချို့ရှိသလို အဖွဲ့ဝင်သစ်အဖြစ် လျှောက်ထားတာတွေလည်း ရှိနေပါတယ်။
 
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံပါဝင်တဲ့ မျက်နှာစုံညီအစည်းအဝေးပါ ထည့်သွင်းကျင်းပမယ့် UNFC ရဲ့ ညီလာခံကိုတော့ လာမယ့် ဇွန်လ ၂၀ရက် ကနေ ၂၉ရက် နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ပြုလုပ်တော့ မှာပါ။ လက်ရှိ UNFC မှာတော့ NCA မထိုးထားတဲ့ အဖွဲ့၇ဖွဲ့ကတရားဝင် ပါဝင်နေပါသေးတယ်။ အစိုးရဘက်ကတော့၊  UNFC ဘက်က အဆင်ပြေရင် NCA  ထိုးမယ်ဆိုပြီး တင်ပြထားတဲ့ အချက်၉ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေက အဆင်ပြေတဲ့အနေအထားရှိနေပြီး အဖွဲ့သစ်တွေပါ လာပါက ဆွေးနွေးမှုမှာ အခက်အခဲဖြစ်စေတယ် လို့ပြောပါတယ်။ လက်ရှိအစိုးရဘက် ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ကိုယ်စားလှယ်အဖွဲ့  DPN တို့ရဲ့ တရားဝင် ဆွေးနွေးမှုဟာ ၅ကြိမ် အထိရှိထားပြီဖြစ်ပါတယ်။ KIO နဲ့ SSPP ကလွဲပြီး UNFC အဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့၂၁ရာစုပင်လုံဒုတိယအစည်းအဝေး ကို အစိုးရဘက် က ဖိတ်ပေမယ့် တန်းတူပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်မရှိသော အထူးဖိတ်ကြားသူအဖြစ်သာ ဖိတ်လို့ဆိုပြီး မတက်ရောက်ခဲ့ပါဘူး။
 
 

Related News