မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ သွေးလှူဘဏ်က (၄၂) ကြိမ်မြောက် သွေးလှူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို ဇူလိုင်လ(၁၀) ရက်က မန္တလေးမြို့ မြန်မာနိုင်ငံဆရာဝန်များအသင်းမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ သွေးသွင်းကုသခြင်းကို ဆေးရုံစတင်ဖွင့်လှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ၁၉၆၉ ခုနှစ်မှာ သွေးလှူဘဏ်သီးသန့်ဖွင့်လှစ်ခဲ့ကာ လူနာတွေအတွက်လိုအပ်တဲ့ သွေးတွေကို ထောက်ပံ့ပေးနိုင် ခဲ့တယ်လို့ သိရပါတယ်။ အခုလို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်အနေနဲ့ (၄၂) ကြိမ်မြောက် သွေးလှူရှင်ဂုဏ်ပြုပွဲ ပြုလုပ် ပေးတာဟာ လူနာများအတွက် လိုအပ်တဲ့ သွေးတွေကို လှူဒါန်းတဲ့သွေးအလှူရှင်တွေကို ကျေးဇူးတင်ဂုဏ်ပြုနိုင်စေဖို့၊ လူနာများကိုယ်စားသွေးလှူရှင်တွေကို ကျေးဇူးတင်ဂုဏ်ပြုပေးနိုင်ဖို့၊ သွေးလှူရှင်တွေရဲ့အရေးပါမှုကို ပိုမိုနားလည်ကာ သွေးလှူရှင် အသစ်များ ပိုမိုများပြားလာစေဖို့ နဲ့ သွေးလှူဒါန်းခြင်းအကြောင်းတွေကို ပြည်သူလူထုအနေနဲ့ ပိုမိုနားလည်နိုင်စေဖို့အတွက် ရည်ရွယ်ပြီး ဂုဏ်ပြုပွဲပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်အနေနဲ့ သွေးလှူရှင်တွေကို နှစ်စဉ်ဂုဏ်ပြုပွဲပြုလုပ်ပေးတာဖြစ်ပြီး ယခုနှစ်မှာ (၄၂)ကြိမ်မြောက် ဂုဏ်ပြုတာဖြစ်တယ်လို့သိရပါတယ်။အခုလို ဂုဏ်ပြုပွဲမှာ သွေးလှူဒါန်းမှု ၂၅ ကြိမ်နဲ့အထက် လှူဒါန်းခဲ့တဲ့ စေတနာသွေး အလှူရှင်ဆရာတော်များကို ဂုဏ်ပြုလက်ဆောင်များပေးအပ်လှူဒါန်းခြင်း၊ စေတနာသွေးအလှူရှင် အများဆုံးရရှိအောင် စည်းရုံးစုဆောင်းပေးခဲ့တဲ့ သွေးလှူရှင်အသင်း (၃)သင်းကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်းနဲ့ သွေးလှူဒါန်းမှု အကြိမ်ရေ အများဆုံးလှူဒါန်းတဲ့  ပုံမှန်စေတနာသွေးလှူရှင် (၂၆၅) ဦးတို့ကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။အခုလို (၄၂) ကြိမ်မြောက်သွေးလှူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူတွေနဲ့ စေတနာသွေးလှူရှင်များတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

 

 

Related News