BOKASHI MYANMAR (ဘိုကာရှီး မြန်မာ)က လုပ်ဆောင်နေတဲ့ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းတွေကနေ မြေဆွေး၊ မြေသြဇာ ထုတ်လုပ်မှုဟာ လက်ရှိမှာတော့ အောင်မြင်မှုတွေရရှိနေပြီး မြေဆွေး၊ မြေသြဇာထုတ်လုပ်နည်းကို သင်ယူချင်သူတွေ များပြား လာတယ်လို့ သိရပါတယ်။ BOKASHI MYANMAR (ဘိုကာရှီး မြန်မာ)က မြန်မာနိုင်ငံမှာ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းတွေကနေ မြေဆွေး၊ မြေသြဇာ ထုတ်လုပ်မှုကို လုပ်ဆောင်နေတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းဆိုတာ အစားအသောက်၊ သစ်သီးအခွံများနဲ့ တစ်ရှုးလို အသုံးအဆောင်ပစ္စည်းတွေဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို အလေအလွင့်မရှိစေပဲ ပြန်လည် အသုံးပြုပြီး သီးပင်စားပင်တွေကို စိုက်ပျိုးရာမှာ မြေဆီလွှာကို ပြန်လည်အားဖြည့်ပေးမယ့် မြေဆွေး၊ မြေသြဇာထုတ်လုပ်မှုကို ဂျပန်နိုင်ငံက BOKASHI ဘိုကာရှီး နည်းပညာနဲ့ ပြန်လည်ထုတ်လုပ်နေတာဖြစ်တယ်လို့ BOKASHI MYANMAR (ဘိုကာရှီး မြန်မာ)က Co-Founder ဖြစ်သူ ကိုအောင်စိုးက ပြောပါတယ်။မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းတွေကနေ မြေဆွေး၊ မြေသြဇာကို ထုတ်လုပ်တော့မယ်ဆိုရင် ပထမအဆင့်အနေနဲ့ ဂျပန်နိုင်ငံက ထုတ်လုပ်ထားတဲ့ EM လို့ခေါ်တဲ့ အကျိုးပြုအဏုဇီဝပိုးမွှားပါဝင်တဲ့ ဖွဲနုမှုန့်တွေကို မီးဖိုချောင်က ထွက်ရှိတဲ့ စွန့်ပစ်အမှိုက်တွေနဲ့ ရောကာ လေလုံတဲ့အိုးထဲမှာ တစ်ပတ်ခန့်ထားရှိကာ အချဉ်ဖောက်ရပါတယ်။

တစ်ပတ်ကြာပြီးချိန်မှာတော့ အဲ့ဒီ့အချဉ်ဖောက် ထားတဲ့ မီးဖိုချောင်သုံးစွန့်ပစ်အမှိုက်တွေကို မြေကြီးတစ်ထပ်၊ အချဉ်ဖောက်ထားတဲ့ မီးဖိုချောင်သုံးစွန့်ပစ်အမှိုက်တစ်ထပ်၊ သတင်းစာစက္ကူ ဒါမှမဟုတ် သစ်ရွက်ခြောက်တစ်ထပ်အုပ်ပြီး မြေဆွေးပုံလုပ်ထားကာ နှစ်လအချိန်ပေးပြီးရင်တော့ ဓာတုကင်း လွတ်တဲ့ မြေဆွေး၊ မြေသြဇာကိုရရှိပြီဖြစ်တယ်လို့ BOKASHI MYANMAR က Co-Founder ဖြစ်သူ ကိုအောင်စိုးက ပြောပါတယ်။မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းတွေကနေ မြေဆွေး၊ မြေသြဇာထုတ်လုပ်မှုဟာ လက်ရှိမှာတော့ အောင်မြင်မှုတွေရရှိနေပြီး မြေဆွေး၊ မြေသြဇာထုတ်လုပ်နည်းကို International School ကျောင်းတွေနဲ့ ဟိုတယ်တွေက သင်ယူဖို့အတွက် ကမ်းလှမ်းနေတာတွေ ရှိလာနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ထုတ်လုပ်လို့ရလာတဲ့ မြေဆွေး၊ မြေသြဇာကိုသုံးပြီး သစ်ပင်တွေစိုက်ပျိုးရာမှာလည်း အောင်မြင်လာတာကြောင့် သစ်ပင်စိုက်ပျိုးတာတွေလည်း ဆက်လက်လုပ်ဆောင်ဖို့ ရှိတယ်လို့ BOKASHI MYANMAR က မန်နေဂျာ မအေးအေးက ပြောပါတယ်။BOKASHI MYANMAR အနေနဲ့ ဟိုတယ်တွေ၊ ရပ်ကွက်ဈေးတွေနဲ့ စားသောက်ဆိုင်တွေကနေ သိမ်းဆည်းရရှိတဲ့ မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းတွေနဲ့ မြေဆွေး၊ မြေသြဇာထုတ်လုပ်နေပြီး ဒီနည်းပညာကို နောက်ပိုင်းမှာ လေ့လာချင်သူတွေ အတွက် ဖြန့်ဝေ သွားဖို့တွေပါ ရှိတယ်လို့ သိရပါတယ်။  

 

Related News