သတင်းတု၊ သတင်းမှားဖော်ပြတာတွေနဲ့ ပြည်တွင်းက တရားဝင်မီဒီယာတွေထံက သတင်းခိုးယူဖော်ပြနေတဲ့ Facebook စာမျက်နှာတွေကို ဖြုတ်ချနိုင်ဖို့ Facebook Team နဲ့တွေ့ဆုံဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီထံက သိရပါတယ်။လက်ရှိမီဒီယာလောကမှာ တရားဝင်မီဒီယာတွေက ၀င်ငွေအရ ရပ်တည်ဖို့ခက်ခဲလာနေပေမယ့် တရားဝင်မီဒီယာတွေကနေ သတင်းတွေကူးယူဖော်ပြနေတဲ့ တရားမ၀င်သတင်းပေ့ခ်ျတွေကတော့ Like ၊ Follower သန်းပေါင်းများစွာနဲ့ ကြော်ငြာဝင်ငွေ များစွာ ရရှိနေတယ်လို့ ကောင်စီတာဝန်ရှိသူက ပြောပါတယ်။ဒီပေ့ခ်ျတွေမှာ တည်ထောင်သူအချက်အလက်အတိအကျမရှိသလို တစ်ဦးတည်းနဲ့ Facebook ပေ့ခ်ျသုံးလေးခု ဖွင့်ကာ တရားမ၀င်သတင်းကူးယူဖော်ပြနေတာမျိုးလည်း တွေ့ရှိရတယ်လို့ ကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က ပြောပါတယ်။

ကောင်စီရဲ့ဆောင်ရွက်မှုဟာ တရားဝင်မီဒီယာတွေရပ်တည်နိုင်ဖို့ ဆောင်ရွက်တာဖြစ်ပြီး လုပ်ငန်းရှင်တွေကိုလည်း ဒီလိုတရားမ၀င်ပေ့ခ်ျတွေမှာ ကြော်ငြာမထည့်ဖို့တိုက်တွန်းကြောင်းပြောပါတယ်။ခွင့်ပြုချက်မဲ့သတင်းကူးယူဖော်ပြနေတဲ့ အွန်လိုင်းစာမျက်နှာတွေနဲ့ပတ်သက်ပြီး အရင်မီဒီယာကောင်စီတုန်းကNews Accountability Committee ဖွဲ့ပြီးဆောင်ရွက်ခဲ့သလို လက်ရှိကောင်စီသစ်လက်ထက်မှာတော့ မီဒီယာကျင့်ဝတ်နှင့် ဖွံ့ဖြိုးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် တရားဝင်သတင်းမီဒီယာတွေ အနေနဲ့လည်း တရားမ၀င် သတင်းပေ့ခ်ျတွေမှာ သတင်းကူးယူဖော်ပြတာတွေ သိရှိပါက ကောင်စီကိုတိုင်ကြားဖို့ကိုလည်း တိုက်တွန်းပါတယ်။

သတင်းမီဒီယာကောင်စီအနေနဲ့  ပြီးခဲ့တဲ့မေလ(၂၇)ရက်တုန်းက သတင်းအတု၊ သတင်းယောင်၊ သတင်းမှားများနဲ့ သတင်းခိုးယူနေတဲ့ ၀က်ဆိုဒ် နဲ့ ဆိုရှယ်မီဒီယာစာမျက်နှာ(၃၁)ခုကို ပထမဆုံးအကြိမ် အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆက်လက်ပြီးလည်း စိစစ်နေပြီဖြစ်ကာ ထပ်မံထုတ်ပြန်မယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံက သိရပါတယ်။ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ပြည်တွင်းမှာ (၂၀၁၉)မေလကုန်အထိ သတင်းစာ(၂၅)စောင်၊ ဂျာနယ် အစောင်(၁၇၀)၊ မဂ္ဂဇင်း အစောင်(၁၂၀) နဲ့ သတင်းအေဂျင်စီ (၁၉၂)ခုကသာ တရားဝင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

 

Related News