Leukaemia သွေးကင်ဆာရောဂါက ကလေးတွေမှာ အဖြစ်များနေတယ်လို့ သွေးရောဂါအကြောင်း သိကောင်းစရာဟောပြောပွဲက သိရပါတယ်။ နှစ်စဉ်ကမ္ဘာပေါ်က ကလေးပေါင်း(၃)သိန်းကျော်က ကင်ဆာရောဂါကို ခံစားနေရပါတယ်။ ကင်ဆာရောဂါကြောင့် ကမ္ဘာ့ဒေသအသီးသီးက ကလေးငယ်တွေရဲ့ မိဘများနဲ့ ပြည်သူတစ်ရပ်လုံးလည်း ဒီရောဂါရဲ့ ရိုက်ခတ်မှုကို ခံစားနေရတယ်လို့ သိရပါတယ်။ ကလေးကင်ဆာရောဂါက ထိရောက်တဲ့ကုသမှုကို ရရှိပါက (၈၀)ရာခိုင်နှုန်းသော ကင်ဆာကလေးငယ်များက အသက်ရှင်နေနိုင်ပြီး ကျန်းမာစွာ ဘ၀ကိုဖြတ်သန်းနိုင်တယ်လို့ သိရပါတယ်။

ကလေးတွေမှာဖြစ်တဲ့ ကင်ဆာရောဂါက အသက်(၁၈)နှစ်မတိုင်မီမှာ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။ ကလေးတွေ အဖြစ်များတဲ့ ကင်ဆာရောဂါမှာ Leukaemia လို့ ခေါ်တဲ့ သွေးကင်ဆာဖြစ်ပြီး အခြားသော ကလေးကင်ဆာများမှာ Lymphoma ကင်ဆာနဲ့ ဦးနှောက် အကျိတ်ကင်ဆာတွေ ဖြစ်တယ်လို့ သိရပါတယ်။ ကလေးကင်ဆာ ရောဂါတွေက ကနဦးရောဂါ လက္ခဏာများ ပြလေ့မရှိတာကြောင့် နောက်ကျမှ ရောဂါရှာဖွေတွေ့ရှိကြတယ်လို့သိရပါတယ်။ ကလေးကင်ဆာ ကုသတဲ့ နည်းလမ်းများစွာရှိပြီး ကလေးရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသတဲ့နည်းလမ်းများကွာခြားနိုင်တယ်လို့ သိရပါတယ်။ 

ကုသနည်းများမှာ ခွဲစိတ်ကုသခြင်း၊ ကီမိုဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းစတဲ့ ကုသနည်းတွေနဲ့  ကုသနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကလေးသွေးကင်ဆာရောဂါကို ကလေးဆေးရုံ ကင်ဆာရောဂါဌာနမှာ ကုသမှုခံယူနိုင်တယ်လို့ ဇွန်လ(၉)ရက်က အမျိုးသားသွေး လှူဘဏ်မှာပြုလုပ်ခဲ့တဲ့  သွေးရောဂါအကြောင်း သိကောင်းစရာဟောပြောပွဲက သိရပါတယ်။ 

 

 

Related News