ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ဇွန်လ ၁၅ ရက်က သုဝဏ္ဏ မိုးလုံလေလုံ အမျိုးသားအားကစားရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ကြီးမှူးကျင်းပတာဖြစ်ပါတယ်။ အခမ်းအနားမှာ အခြေခံယောဂ လုပ်ထုံးလုပ်နည်းတွေကို လူဦးရေ ငါးရာနီးပါးက သရုပ်ပြကစားခဲ့ကြပါတယ်။ ယောဂကျင့်စဉ်ကို  အိန္ဒိယနိုင်ငံရဲ့ ရှေးကျတဲ့ သိပ္ပံပညာလို့ တင်စားခေါ်ဝေါ်ကြပြီး ပုံမှန်ကျင့်ကြံရင် စိတ်နှင့် ခန္ဓာကိုယ်ကို ညီညွတ်မျှတစေတယ်လို့သိရပါတယ်။ စုပေါင်းယောဂသရုပ်ပြပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အထူးဧည့်သည့်အဖြစ် တက်ရောက်ပြီး  အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ 

ဘာသာပြန်- အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို နိုင်ငံတကာမှာ ကျင်းပလာတာဆိုရင် ငါးကြိမ်မြောက်ရှိနေပါပြီ။ ယောဂမှာ အကျိုးကျေးဇူး အများကြီးတွေ ရှိပါတယ်။ ယောဂကို ပုံမှန်ကျင့်ကြံဖြစ်ရင် လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးနဲ့ နေထိုင်ကောင်းမှုကို သဟဇာတဖြစ် စေပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ပုံမှန်လုပ်ခဲ့တဲ့ ဒီယောဂပွဲမှာ နှစ်တိုင်းပါဝင်ခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ယောဂသရုပ်ပြကစားပွဲမှာ ယောဂကျင့်စဉ်တွေကို သရုပ်ပြခဲ့သူ နည်းပြဆရာမကလည်း ယောဂရဲ့ ကောင်းကျိုးတွေကို ယခုလိုပဲ ပြောပြခဲ့ပါတယ်။ 

ဘာသာပြန်- ယောဂဆိုတာကတော့ တရားပုံမှန်ကျင့်ကြံသလိုမျိုးပါပဲ၊ စိတ်ရဲ့ငြိမ်းချမ်းခြင်းကို ယူဆောင်ပေးတယ်။ ဆူမာသီလို့ခေါ်ပါတယ်။ အဲ့ဒီလို ယောဂကို ပုံမှန်ကျင့်ကြံရင် အဲ့ဒီလူမှာ အိပ်ချိန်တွေမှန်လာမယ်။ လုပ်ငန်းခွင်မှာ လုပ်ကိုင်ဆောင်ရွက်နိုင်အား၊ အာရုံစူးစိုက်နိုင်အားပိုကောင်းမယ်ပေါ့၊ စိတ်ကျရောဂါရှိသူတွေနဲ့အနေလည်း ယောဂကျင့်ကြံသင့်ပါတယ်။ ပုံမှန်လေ့ကျင့်နေဖို့တော့လိုပါတယ်။ ယောဂနေ့ဖြစ်လာရတာကော့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာတုံးက ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အိန္ဒိယဝန်ကြီးချုပ်က ဇွန်လ ၂၁ ရက်ကို အပြည်ပြည်ဆိုင်ရာ ယောဂနေ့အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့လို့ဖြစ်ပါတယ်။ 


 

Related News