ဝါသနာအရ အမျိုးသမီးယာဉ်မောင်းဘ၀ကို ရွေးချယ်ခဲ့ပေမယ့် နေ့စဉ်ဘ၀ရပ်တည်ရှင်သန်ရေးမှာ မလွယ်ကူလှသလို အမျိုးသမီး ဖြစ်တာကြောင့် စိန်ခေါ်မှုများစွာနဲ့ ကြုံတွေ့နေရပါတယ်။ သူမကတော့ မအေးသီတာပဲ ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး အမျိုးသားတွေသာလုပ်ကိုင်ရတဲ့ အလုပ်အကိုင်တော်တော် များများမှာ အမျိုးသမီးတွေ ပါဝင် လာကြပါတယ်။ အဲဒီ့အထဲမှာ အမျိုးသမီးအငှားယာဉ်မောင်းဖြစ်သူ မအေးသီတာလည်း အပါအ၀င်ဖြစ်ပါ တယ်။ မအေးသီတာကတော့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး မွေးချင်းလေးဦး၊ မိသားစုဝင်(၆)ဦးရှိပေမယ့် သူမတစ်ဦးတည်းသာ ယောင်္ကျားလေးအများစုရွေးချယ်တဲ့ ယာဉ်မောင်းအလုပ်ကို ၀ါသနာပါခဲ့တာပါ။ ငယ်စဉ်ကတည်းက ယောင်္ကျားလေးတစ်ဦးလိုသာပြုမူ နေထိုင်တတ်တဲ့ သူမရဲ့စိတ်၊ ဗီဇအရ ဒိလိုအမျိုးသမီးယာဉ်မောင်း ဖြစ်လာဖို့ တွန်းအားပေး ခဲ့တယ်လို့ သိရပါတယ်။ နေ့စဉ်ကားမထွက်ခင် မိသားစုအလုပ်တွေကို ကူညီလုပ်ကိုင်ပေးတတ်တဲ့ သူမက အိမ်အလုပ်အပြင် ၀င်ငွေရှာတဲ့အလုပ်ကိုပါ နိုင်နင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ မသွားရဲမလာရဲ ဖြစ်နေတဲ့ စိတ်ကိုတွန်းလှန်ပြီး ယာဉ်မောင်း လုပ်သက်(၇)လခန့်သာ ရှိနေပေမယ့် ရဲဝံ့တဲ့ယာဉ်မောင်းတစ်ဦးဘ၀ကို ရွေးချယ်ဖြစ်ခဲ့တယ်လို့ မအေးသီတာက ပြောပါတယ်။

အမျိုးသမီးအငှားယာဉ်မောင်းဖြစ်နေတာကြောင့် အသက်မွေးဝမ်းကြောင်းအဖြစ် နေ့စဉ်ဘ၀ရပ်တည်ရတာ မလွယ်ကူလှပါဘူး။ မအေးသီတာရဲ့အလုပ်ကို မိဘတွေကသဘောမကျတဲ့အပြင် လမ်းမပေါ်မှာ ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းပြီး ရှာဖွေရတဲ့ ဒီအလုပ်အတွက် စိန်ခေါ်မှုများစွာရှိနေပါတယ်။ အချိန်မတော်ကားပျက်သွားတာတွေအပြင် အရက်သောက်စားထား သူတွေရဲ့ အန္တရာယ်တွေကလည်း ရှိနေပါတယ်။ ဒါ့ကြောင့် နေ့စဉ်နံနက်(၇)နာရီကနေ ညနေ(၆)နာရိအထိသာ ကားပြေးဆွဲပြီး အားငယ်စိတ်မရှိအောင်လည်း ကြိုးစားထားရတယ်လို့ မအေးသီတာက ပြောပါတယ်။

မအေးသီတာအနေနဲ့ ခရီးသည်ရွေးချယ်မှုတွေရှိပေမယ့် လမ်းကြောင်းရွေးချယ်မှုတော့မရှိပါဘူး။ အငှားယာဉ်မောင်းအမျိုးသမီး ဘ၀ကို ခံယူထားသူတစ်ဦးဖြစ်တဲ့အတွက်လမ်းကြောင်းမသိရင် ရေရှည်အသက်မွေးဝမ်းကြောင်းအတွက် အခက်အခဲဖြစ်နိုင် တာကို သိနေတာကြောင့်ပါ။ မအေးသီတာရဲ့ယာဉ်ကို အမျိုးသမီးအများစုက ယုံကြည်စိတ်ချစွာစိးနင်းကြပါတယ်။ အဲဒီအထဲကမှ မတင်မာဆွေကတော့ သူမရဲ့ယာဉ်ကို ပုံမှန်စီးနင်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ဒီအလုပ်ဟာ အမျိုးသမီးတွေရဲ့ ဘ၀ကို တစ်ဖက်တစ်လမ်းက ကူညီရာရောက်တဲ့အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေ နည်းတူစွမ်းဆောင်နိုင်တယ်ဆိုတာကို ပြသရာရောက်တဲ့အတွက် အငှားယာဉ်မောင်းအလုပ်ကို ဆက်လက်လုပ်ကိုင်နေဦးမယ်လို့ မအေးသီတာက ပြောပါတယ်။

 

 

Related News