ဇွန်လ(၂၁)ရက်နေ့မှာ ကျရောက်မယ့် International Yoga Day မတိုင်မီ ယောဂကျင့်စဉ်တွေကို ပြည်သူတွေ စိတ်ဝင်စားလာအောင် ပြသဖို့အတွက် ပါဝါယောဂကို ကျင့်နေသူတွေအဖွဲ့က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ယောဂကျင့်စဉ်အမျိုးမျိုးရှိပါတယ်။

အဲ့ဒီ့ထဲကမှ ပါဝါယောဂဟာ သာမန်ရိုးရာယောဂနဲ့ အနည်းငယ်ကွာခြားပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းအမျိုးအစားထဲမှာ ပါဝင်ပြီး သာမန်ရိုးကျလေ့ကျင့်ခန်းများကို ခပ်သွက်သွက်၊ ခပ်မြန်မြန်ပြုလုပ်ရတဲ့ လေ့ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ဇွန်လ(၂၁)ရက်နေ့မှာ ကျရောက်မယ့် International Yoga Day မတိုင်မီ ပါဝါယောဂကျင့်စဉ်ကို အများပြည်သူတွေ စိတ်ဝင်တစားနဲ့ ပါဝါယောဂကျင့်စဉ်ကိုလေ့ကျင့်နိုင်အောင် ပြသဖို့အတွက် ကြိုတင်ပြင်ဆင်နေကြတာဖြစ်တယ်လို့ ပါဝါယောဂနည်းပြဖြစ်တဲ့ ကိုကျော်စိုးကပြောပါတယ်။

ပါဝါယောဂ ကို လေ့ကျင့်တော့မယ်ဆိုရင် တစ်နာရီမှ တစ်နာရီကျော်အချိန်တွင်းလေ့ကျင့်နိုင်တယ်လို့ သိရပါတယ်။ အစားအသောက်ပိုင်းကလည်း အရေးပါတဲ့ ယောဂကျင့်စဉ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ပါဝါယောဂကို လေ့ကျင့်တော့မယ်ဆိုရင်တော့ အသီးအရွက်များများစားခြင်းနဲ့ ရေသောက်တာတွေကို စနစ်တကျလုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်လာမယ်ဆိုရင်တော့ သွေးလည်ပတ်မှုကို တက်စေလို့ ခုခံအားစနစ်တွေကို ကောင်းစေပြီး ခန္ဓာကိုယ်တွင်းမှာ ရှိနေတဲ့ ရောဂါတွေကိုလည်း ပျောက်ကင်းစေတာကြောင့် အခုနောက်ပိုင်းမှာ ပါဝါယောဂကို ပိုမိုစိတ်ဝင်တစားနဲ့ ကစားဖြစ်လာကြတယ်လို့ ပါဝါယောဂကျင့်စဉ်ကို အသုံးပြုနေကြတဲ့ မမြတ်သူဇင်နဲ့မသီတာအောင် ကလည်း သူတို့ရဲ့ လေ့ကျင့်မှုကနေ ရရှိလာတဲ့ အတွေ့အကြုံတွေကို အခုလိုပြောပါတယ်။ပါဝါယောဂလေ့ကျင့်လာတာကြောင့် ခန္ဒာကိုယ်အလေးချိန်ကျလာခြင်း၊ အမောခံနိုင်ခြင်း၊ သန်မာခြင်း၊ အကြောပျော့ခြင်း ၊ အဆီကျကာ ကြွတ်သားရှိလာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ သိရပါတယ်။

ချွေးထွက်များတဲ့ လေ့ကျင့်မှုတစ်ခုဖြစ်တာကြောင့်လည်း ခန္ဒာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ယောဂကျင့်စဉ်ကို ဗီဒီယိုတွေကြည့်ပြီး လေ့ကျင့်တာထက်အခုလို International Yoga Day မှာ ပြသမဲ့ ယောဂကျင့်စဉ်တွေကိုကြည့်ပြီး လုပ်ဆောင်သင့်တယ်လို့ ပါဝါယောဂကျင့်စဉ်ကို ငါးနှစ်ကျော်လုပ်ဆောင်နေတဲ့ မဥမ္မာက ပြောပါတယ်။ ပါဝါယောဂကျင့်စဉ်ကို လုပ်ဆောင်သူတွေအနေနဲ့ကလည်း အခုလို International Yoga Day နားရောက်ရင် ယောဂကျင့်စဉ်ကို ပြည်သူတွေသိရှိအောင် ယောဂသရုပ်ပြတာတွေကို ပွဲကြီးနဲ့ ပြသပေးသလို ရန်ကုန်တိုင်းဒေသကြီးက ပန်းခြံနဲ့ မြို့နယ်တွေမှာလည်း ပရဟိတအနေနဲ့ ယောဂကျင့်စဉ်တွေကို လိုက်လံဖြန့်ဝေတာတွေလည်း လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ 

 

 

Related News