(၂ဝ)ကြိမ်မြောက်အာဆီယံနိုင်ငံများနဲ့ အခြားနိုင်ငံများသက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲ (20th ASEAN+ Age-Group Chess Championship -2019)ကိုမေလ(၁ဝ)ရက် ကစတင်ပြီး မန္တလေးမြို့၊မန္တလာသီရိအားကစားကွင်း မိုးလုံ၊လေလုံဘက်စုံအားကစားရုံမှာ ကျင်းပနေတာဖြစ်ပါတယ်။(၂ဝကြိမ်မြောက်အာဆီယံနိုင်ငံများနဲ့အခြားနိုင်ငံများသက်တမ်းအလိုက်စစ်တုရင်ပြိုင်ပွဲကို ယခုနှစ်မှာမြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် မန္တလေးမြို့မှာလက်ခံကျင်းပနေတာပါ။

အာဆီယံနိုင်ငံတွေအပြင် မွန်ဂိုးလီယား၊အိန္ဒိယ၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံစတဲ့ နိုင်ငံတွေလည်း  ပါဝင် ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။  ပြိုင်ပွဲမှာ(၆)နှစ်အောက်ကစပြီး (၆၅)နှစ်အထက် သက်တမ်းအလိုက် ပါဝင်ပြီး ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်က သတ်မှတ်ထားတဲ့စည်းကမ်းနဲ့ အညီယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
မြန်မာစစ်တုရင်ကစားသမားတွေက အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ရှိပြီး အခုလို နိုင်ငံတကာပြိုင်ပွဲတွေက ပြည်တွင်းစစ်တုရင်ကစားသမားတွေအတွက် အတွေ့အကြုံကောင်းတွေ ရလာနိုင်တယ်လို့ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌဦးမောင်မောင်လွင်ကပြောပါတယ်။

ယခုယှဉ်ပြိုင်နေတဲ့စစ်တုရင်ပြိုင်ပွဲကို နိုင်ငံစုံမှ အသက်အပိုင်းခြား အလိုက် စစ်တုရင်ကစားသမားပေါင်း (၄၃ဝ)ဝင်ရောက်ယှဉ်ပြိုင်နေပြီး မြန်မာနိုင်ငံမှ စစ်တုရင်ကစားသမား (၁၉၃)ဦး ဝင်ရောက်ယှဉ်ပြိုင်နေတယ်လို့သိရပါတယ်။ စစ်တုရင်ပြိုင်ပွဲဟာ အမှတ်ပေးပြိုင်ပွဲဖြစ်ပြီး ပွဲစဉ်အားလုံးယှဉ်ပြိုင်ကာ ရရှိလာတဲ့အမှတ်အများဆုံးကို အဆင့်ဆင့်ရွေးချယ်ပြီး ပထမဆုကို ရွှေ ၊ဒုတိယဆုကို ငွေ၊  တတိယ ကြေးဆိုပြီး ချီးမြှင့်ပေးသွားမယ်လို့သိရပါတယ်။ အခုကျင်းပနေတဲ့(၂ဝ)ကြိမ်မြောက်အာဆီယံနိုင်ငံများနဲ့ အခြားနိုင်ငံများသက်တမ်းအလိုက်စစ်တုရင်ပြိုင်ပွဲကို ဇွန်(၁၀) ရက်မှ(၁၈)ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ဆုပေးအပ်ချီးမြှင့်ပွဲကိုလည်း ဇွန်လ (၁၈)ရက်မှာပဲ ကျင်းပသွားမယ်လို့သိရပါတယ်။

 

 

Related News