Clean Yangon ကပြုလုပ်နေတဲ့ စွန့်ပစ်အမှိုက်ဆိုင်ရာကျောင်းအသိပညာပေးခြင်းကို ဇွန်လ(၁၃)ရက်က အခြေခံပညာဦးစီးဌာန၊ အမှတ်(၂၈) အခြေခံပညာမူလတန်းကျောင်း၊ လှိုင်သာယာမြို့နယ်မှာပြုလုပ်ခဲ့ပါတယ်။

Clean Yangon ရဲ့ ကဏ္ဍတစ်ရပ်ဖြစ်တဲ့ အမှိုက်လျှော့ချရေးအစီအစဉ်နဲ့ စွန့်ပစ်အမှိုက်ဆိုင်ရာ ကျောင်းအသိပညာပေးဆောင်ရွက်ခြင်းကို  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျောင်းတွေက ကလေးငယ်တွေအနေနဲ့ အမှိုက်စည်းကမ်းတကျစွန့်ပစ်နည်းတွေကို ငယ်စဉ်ကတည်းက သိရှိနားလည်ဖို့လိုအပ်ပြီး ကလေးတွေမှတစ်ဆင့် မိဘတွေအထိ အမှိုက်ကို စည်းစနစ်တကျခွဲခြားစွန့်ပစ်တာတွေကို သိရှိလာအောင်အခုလို စွန့်ပစ်အမှိုက်ဆိုင်ရာ ကျောင်းအသိပညာပေးအစီအစဉ်ကို ပြုလုပ်ပေးတာလို့သိပါတယ်။ 

ယခုပညာသင်နှစ်မှာတော့ သင်ရိုးညွှန်းတန်းပြောင်းလဲထားတဲ့အတွက် သင်ကြားမှုအပိုင်းကိုလည်း ယခင်က တိုက်ရိုက်မေးတဲ့ပုံစံမျိုးတွေမပြုလုပ်တော့ဘဲ ကလေးတွေကို စဉ်းစားတွေးခေါ်တတ်စေဖို့ရည်ရွယ်ပြီး မေးခွန်းပုံစံအနည်းငယ်ပြောင်းလဲသင်ကြားပေးထားတယ်လို့ Clean Yangonမှ သင်ကြားရေး ဆရာကအခုလိုပြောပါတယ်။အမှိုက်လျှော့ချရေးအစီအစဉ်နဲ့စွန့်ပစ်အမှိုက်ဆိုင်ရာကျောင်းအသိပညာပေးရာမှာ သင်ကြားနည်းတွေအနေနဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း (၃)မျိုးခွဲခြားထားပြီး မူလတန်းကိုသင်ကြားရာမှာ ကလေးငယ်တွေစိတ်ဝင်စားနိုင်မယ့် သီချင်းတွေ၊ ကဗျာတွေနဲ့ သင်ကြားပေးတာဖြစ်ပြီး အလယ်တန်းနဲ့အထက်တန်းကို တော့ ဆရာမကြီးဒေါ်သန်းမြင့်အောင်နဲ့ အမှိုက်ပညာရှင်တွေက ဟောပြောပွဲပုံစံမျိုးသင်ကြားပေးတာဖြစ်တယ်လို့သိရပါတယ်။ ယခင်သင်ရိုးဟောင်းသင်ကြားမှုမှာ အဓိကဘာသာရပ်တွေကို ကျက်မှတ်နေရတာဖြစ်တဲ့အတွက် ကလေးငယ်တွေ စိတ်ဝင်စားမှုနည်းပါးခဲ့တယ်လို့သိရပါတယ်။ ယခုနှစ်ပညာသင်နှစ်မှာ ပြောင်းလဲလိုက်တဲ့ သင်ရိုးညွှန်းတန်းမှာတော့ စဉ်းစားတွေးခေါ်မှုအပိုင်းကို ကလေးငယ်တွေပိုမိုစိတ်ဝင်စား သင်ယူလာတာကိုတွေ့ရှိရတယ်လို့အခြေခံပညာဦးစီးဌာန၊ အမှတ်(၂၈) အခြေခံပညာမူလတန်းကျောင်း၊ လှိုင်သာယာမြို့နယ်က မူလတန်းကျောင်းအုပ်က အခုလိုပြောပါတယ်။ကျောင်းတွေမှာ အသိပညာပေးလုပ်ငန်းတွေလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အတွက် Clean Yangon က ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးနဲ့ တိုင်ပင်ပြီးလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ ရန်ကုန်တစ်မြို့လုံးမှာ ကျောင်းသားဦးရေ (၂)သိန်းကျော်ရှိနေပြီး လှိုင်သာယာမြို့နယ်က ကျောင်းသားဦးရေ ကိုးသောင်းကျော်ရှိနေတာကြောင့် ကျောင်းသားဦးရေရဲ့ တစ်ဝက်နီးပါးဟာ လှိုင်သာယာမြို့နယ်မှာ ရှိနေတာကြောင့် လှိုင်သာယာမြို့နယ်အတွင်းကကျောင်းတွေကို အဓိကထား ပြုလုပ်နေတယ်လို့သိရပါတယ်။ ယခုအမှိုက်လျှော့ချရေးအစီအစဉ်နဲ့စွန့်ပစ်အမှိုက်ဆိုင်ရာကျောင်းအသိပညာပေး သင်ကြားပေးနေတဲ့ လှိုင်သာယာမြို့နယ်၊ အမှတ်(၂၈) အခြေခံပညာမူလတန်းကျောင်းမှာတော့ ကျောင်းသားဦးရေ (၃၅၆)ဦး ရှိပြီး သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမ(၁၀)ဦးရှိတယ်လို့ သိရပါတယ်။

 

Related News