ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်နေထိုင်ခဲ့တဲ့ နေအိမ်ပြတိုက်ကို  သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များမှာ ဖွင့်လှစ်ပေးထားပြီး လာရောက်လေ့လာနိုင်တယ်လို့ သိရပါတယ်။ 

အင်းယားလမ်းပေါ်မှာရှိ ပန်းဝါလမ်းထဲက ဦးသန့်နေအိမ်ကို၂၀၁၂ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဦးသန့်ဟာ အဲ့ဒီ့နေအိမ်မှာ ၁၉၅၁-၅၇ ထိ နေထိုင်ခဲ့တဲ့အိမ်လည်း ဖြစ်ပါတယ်။ စတင်တွေ့ရှိတုန်းက နေအိမ်ကြီးဟာ ပျက်စီးယိုယွင်းတာတွေရှိနေပေမဲ့ ပြန်လည်ပြုပြင်မှုတွေလုပ်ဆောင်ခဲ့ပြီး နောက်မှာတော့ အဲ့ဒီ့နေအိမ်ကို ပြတိုက်အဖြစ်အသက်သွင်းခဲ့တာ ဖြစ်တယ်လို့ ဦးသန့်ပြတိုက် စီမံကိန်းအရာရှိ မခင်ထက်ထက်လွင်က ပြောပါတယ်။ 

ဦးသန့်နေအိမ်ပြတိုက်ကိုတော့  ဧည့်ခန်း၊ ထမင်းစားခန်း စတဲ့အခန်းတွေကို ဖွဲ့စည်းထားပြီး အခန်းတိုင်းမှာ ဦးသန့်နဲ့ ပတ်သက်တဲ့ ဗဟုသုတ ရစရာတွေကို ဓာတ်ပုံမှတ်တမ်းတွေ၊ စာတွေ ရေးပြီး လေ့လာနိုင်အောင်စီစဉ်ထားတာကို တွေ့ရပါတယ်။ ကမ္ဘာ့ထိပ်တန်းသံတမန်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ တဲ့ ဦးသန့်အကြောင်းကို မြန်မာလူငယ်တွေအနေနဲ့ တစ်စုံတစ်ရာစိတ်အားတက်ကြွမှုကို ရနိုင်ဖို့ မျှော်လင့်ထားတယ်လို့ မခင်ထက်ထက်အောင်က ပြောပါတယ်။ 

ဦးသန့်နေအိမ်ပြတိုက်ကို သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များမှာ ဖွင့်လှစ်ပေးထားပြီး ပြည်ပနိုင်ငံသားတွေနဲ့ ပြည်တွင်းကျောင်းက ကလေးတွေ လာရောက်လေ့လာတာတွေရှိတယ်လို့ သိရပါတယ်။ ဦးသန့်ဟာ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ စဉ်တုန်းက အဓိကရုဏ်းများတွင် ကြားဝင်ဖြေရှင်းပေးသူ၊ ဖွံ့ဖြိုးရေးနှင့်လူ့အခွင့်အရေးသာမက ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တာကြောင့် လာရောက်လေ့လာဖြစ်တယ်လို့ ထိုင်းနိုင်ငံသားတစ်ဦးက သူလာရောက်လေ့လာဖြစ်ပုံကို အခုလို ပြောပါတယ်။

ဦးသန့်နေအိမ်ပြတိုက်မှာတော့ ဦးသန့်ငယ်ဘဝက စလို့ နောက်ဆုံးအချိန်ထိ သူရဲ့ဘဝအကြောင်းတွေကို လေ့လာနိုင်မှာ ဖြစ်သလို နောက်ပိုင်း တွေမှာလည်း ပြတိုက်ကို ထပ်မံတိုးချဲ့တာတွေလုပ်ဆောင်မှာဖြစ်ပါတယ်။ တိုးချဲ့မယ့်အပိုင်းတွေမှာတော့ ဒီဂျစ်တယ်စာကြည့်တိုက်၊ ရုပ်မြင်သံကြားခန်းမ၊ ကော်ဖီဆိုင်နဲ့ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေတိုးချဲ့ဖို့ရှိတယ်လို့ သိရပါတယ်။

 

 

Related News