စာရေးဆရာကြီး သော်တာဆွေရဲ့ နှစ်(၁၀၀)ပြည့်မွေးနေ့ အထိမ်းအမှတ်ကို မေလ(၁၉) ရက်က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မဟာဗောဓိဗုဒ္ဓဂါယာကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ စာရေးဆရာကြီး သော်တာဆွေရဲ့ သားဖြစ်သူ ဒေါက်တာအောင်သော်က နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို ဦးစီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဆရာကြီးဟာ (၁၉၉၅)ခုနှစ် မတ်လ (၄)ရက်မှာ အာရုံကြောရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန်ချိန်မှာတော့ အသက် (၇၆)နှစ်ရှိပြီဖြစ်ပါတယ်။

ဆရာကြီးရဲ့ နှစ် (၁၀၀)ပြည့်မွေးနေ့ကို ဆရာသော်တာဆွေရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှ စာပေမိတ်ဆွေတွေနဲ့ စာရေးဆရာကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် စာရေးဆရာကြီးသော်တာဆွေရဲ့ ဘဝဇာတ်ကြောင်းနဲ့ ရေးသားခဲ့တဲ့စာအုပ်တွေအကြောင်းတွေ ဟောပြောတဲ့ သူတို့အမြင်၊ သူတို့ ရှုထောင့် အမည်ရ ဟောပြောပွဲကို လည်း ပူးတွဲပြုလုပ်ခဲ့ပါတယ်။ နှစ် (၁၀၀)ပြည့် မွေးနေ့အထိမ်းအမှတ်မှာ ဆရာကြီးရဲ့ ဇာတိ ပေါင်းတည်မြို့က သက်ကြီးဘိုးဘွားတွေအတွက် အလှူငွေ သိန်း (၂၀) ပေးအပ်လှူဒါန်းခဲ့ပါတယ်။ဒီပွဲမှာ ပေါင်းတည်မြို့က စာကြည့်တိုက်ပြုပြင်ထိန်းသိမ်းရေးနဲ့ လူမှုရေးအသင်းတွေအတွက်လည်း ကျပ်သိန်း နှစ်ဆယ်စီ ထပ်မံ ပေးအပ်လှူဒါန်းခဲ့ပါသေးတယ်။ 

စာရေးဆရာကြီးသော်တာဆွေသည် ဟာသဝတ္တုတွေကို ခြောက်နှစ်တိုင်တိုင်ရေးသားခဲ့ပြီးမှ (၁၉၅၃)ခုနှစ် မှစတင်ပြီး စရိုက်၊ သဘာဝအဖွဲ့၊ ဘဝသရုပ်ဖော်စာပေတွေကို ကူးပြောင်းရေးသားခဲ့ပါတယ်။ဒါ့အပြင်အပတ်စဉ်ဆောင်းပါးတွေ၊ ဘာသာပြန်၊ မှီငြမ်းတွေနဲ့ ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိတွေကို ရေးသားပြုစုခဲ့ပါတယ်။ 

 

Related News