မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့မှာ ဘကြီးတော်(စစ်ကိုင်းမင်း)တည်ထားကိုးကွယ်တဲ့ မဟာဝိဇယရံသီ ပုထိုးတော်ကြီး မြတ်စွာဘုရား ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို မေလ(၁၈)ရက် ကဆုန်လပြည့်နေ့က ပြုလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့မှာ ကောဇာသက္ကရာဇ် (၁၁၈၁)ခုနှစ်က ဘကြီးတော်(စစ်ကိုင်းမင်း)မင်းက မဟာဝိဇယရံသီ ပုထိုးတော်ကြီးမြတ်စွာဘုရားကို ပန္နက်ရိုက်ကာ စတင်တည်ထားတော်မူခဲ့ပါတယ်။

(၁၁၈၅)ခုနှစ်မှာရွှေထီး တော်အထွဋ်ကို တင်လှူပူဇော်ပြီး ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ခဲ့တယ်လို့ သိရပါတယ်။ ထီးတော်သစ်ကို ခေတ်အဆက်ဆက်က တင်လှူပူဇော်ခဲ့ပြီး(၁၃၇၇)ခုနှစ်ကဆုန်လ ခရစ်နှစ်(၂၀၁၅)ခုနှစ်၊ မေလက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပန်းလည်တိုင် သုံးပိုင်းကျိုးပြတ်ကာ စိန်ဖူးတော်ငှက်မြတ်နားတော်နှင့် ထီးတော်ဘုံလေးဆင့်တို့ မြေခပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ယခုအခါ သတ္တမအကြိမ်မြောက် ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်နိုင်ခဲ့ပြီး ယခုမေလ(၁၈)ရက်၊ ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓါဘိသေကအနေကဇာတင်ခဲ့တာဖြစ်ပါတယ်။

မဟာဝိဇယရံသီ ပုထိုးတော်ကြီး မြတ်စွာဘုရား ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားကို သြဝါဒါစရိရဆရာတော်ကြီးများ၊ ပင့်သံဃာတော်များ ကြွရောက်ချီးမြှင့်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အလှူရှင် Mandalay Business Capital City Development Ltd. မှ တာဝန်ရှိသူတွေနဲ့ မြို့မိမြို့ဖတွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။မဟာဝိဇယရံသီ ပုထိုးတော်ကြီးမြတ်စွာဘုရား ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားမှာ သံဃာအပါး(၁၀၈၀)နဲ့ အနေကဇာတင်ခြင်း၊ ဝန်ကြီးချုပ်ဦးဆောင်းပြီး လှူဖွယ်ဝတ္ထုကပ်လှူခြင်း၊ ရေစက်သွန်းချအမျှဝေခြင်း၊ မှတ်တမ်းလက်ခံ ရယူခြင်းနဲ့ ကဆုန်ညောင်ရေသွန်း လောင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

ထီးတော်သစ်တင်လှူနိုင်ရေး အမရပူရမြို့ဆရာတော်၊ သံဃာတော်၊ မြို့မိမြို့ဖတွေ ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပြီး မန္တလေးမြို့အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်နေတဲ့ Mandalay Business Capital City Development Ltd. မှ ကမကထပြုမတည်ကာ အများပြည်သူခုနှစ်ရက်သားသမီး ပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အမရပူရမြို့၊ မဟာဝိဇယရံသီပုထိုးတော်ကြီးမြတ်စွာဘုရားဟာ ဘကြီးတော်(စစ်ကိုင်းမင်း)တည်ထားကိုးကွယ်ခဲ့ချိန်မှ ယခုလက်ရှိ အချိန်အထိ နှစ်ပေါင်း(၂၀၀)ဝန်းကျင်ရှိပြီလို့ သိရပါတယ်။

 

 

Related News