ဒီကနေ့ မေလ (၁၇) ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့သွေးတိုးရောဂါနေ့အထိမ်းအမှတ်အနေနဲ့ လူအင်အားတစ်ရာကျော်က စုပေါင်းလမ်းလျှောက်တာနဲ့အားကစားလှုပ်ရှားတာတွေကို အနောက်ရွှေဂုံတိုင်လမ်း၊ အမှတ်(၈) ဘောလုံးကွင်းမှာ ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစီးဆောင်ရွက်တာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့အများပြည်သူဦးရေတစ်ရာကျော် စုပေါင်းလမ်းလျှောက်ခဲ့ပါတယ်။ အနောက်ရွှေဂုံတိုင်လမ်း၊ အမှတ်(၈) ဘောလုံးကွင်းမှာ လမ်းလျှောက်သူတွေပန်းဝင်ခဲ့ပြီး ကိုယ်လက်လှုပ်ရှားအားကစားတွေလည်း အဖွဲ့လိုက် ပြုလုပ်ခဲ့ပါတယ်။ ယနေ့အခမ်းအနားရဲ့ ရည်ရွယ်ချက်ကတော့ သွေးတိုးရောဂါရှိပေမယ့် ရောဂါလက္ခဏာမပြတဲ့ လူနာတွေကို စောစီးစွာ ရှာဖွေဖော်ထုတ်ကုသနိုင်ဖို့ဖြစ်ပြီး သွေးပေါင်ချိန်ကို ပုံမှန်ချိန်ကာ စစ်ဆေးကြည့်ရှုဖို့တိုက်တွန်းထားပါတယ်။ 

အခမ်းအနားမှာ မြို့နယ်၊ ရပ်ကွက်အသီးသီးက ပြည်သူတွေပါဝင်လမ်းလျှောက်ခဲ့ကြတာဖြစ်ပြီး သွေးတိုး၊ဆီးချိုစတဲ့ရောဂါတွေ မဖြစ်ပွားအောင်လမ်းလျှောက်တာနဲ့ ကိုယ်လက်လှုပ်ရှားတာ ပုံမှန်လုပ်ဖြစ်တယ်လို့ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။ သွေးတိုးရောဂါက အသက် လေးဆယ်နှင့်အထက် လူဦးရေလေးဦးမှာ တစ်ဦးဖြစ်ပွားလျက်ရှိပြီး မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ရှိ၊ မရှိ ပုံမှန်စစ်ဆေးသင့်ပြီး သွေးပေါင်ချိန် ပုံမှန်ချိန်ဖို့ လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီးနဲ့အတူဆရာဝန်တွေကတိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ 


 

Related News