နဝမအကြိမ်မြောက် ဗုဒ္ဓနည်းကျစီမံခန့်ခွဲမှု နည်းပညာသင်တန်း၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို မေလ(၁၅)ရက်က စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး IBEC အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ဗုဒ္ဓနည်းကျစီမံခန့်ခွဲမှုနည်းပညာသင်တန်းကို IBEC ဆရာတော် ဘဒ္ဒ န္တသောဘိတက ဦးစီးပြီး မြန်မာနိုင်ငံအတွင်းရှိ ဘုန်း တော်ကြီးသင် ပညာရေးဌာနတွေ၊ လူမှုအကျိုးပြုပရဟိတလုပ်ငန်းတွေ၊ ဘာသာရေးအသင်းအဖွဲ့တွေအနေနဲ့ ဗုဒ္ဓဟောကြား တော်မူခဲ့တဲ့ တရားတော်တွေကို လက်တွေ့ဘဝမှာ စနစ်တကျစီမံဦးဆောင်မှုပြုလုပ်နိုင်ပြီး ကျရာအခန်းကဏ္ဍမှ တိုင်းပြည်အကျိုးကို ဆောင်ရွက်ရာမှာ အထောက်အကူရရှိစေရန် ရည်ရွယ်ပြီး နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ သိရပါတယ်။ ဒီသင်တန်းမှာ ပရိယတ္တိစာသင်တိုက် စာချဆရာတော်များ၊ သီလရှင်များ၊ ဆရာ၊ ဆရာမများ၊ လူမှုအဖွဲ့အစည်းအသီးသီးမှ ပရဟိတလုပ်ငန်းဆောင်ရွက်နေသူတွေကို အဓိကထား သင်ကြားပေးတာဖြစ်တယ်လို့ သိရပါတယ်။ 

 နဝမအကြိမ်မြောက်အဖြစ်ဖွင့်လှစ်ခဲ့တဲ့သင်တန်းကို တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးက သင်တန်းသား၊ သင်တန်းသူ (၁၁၅) ဦးတက်ရောက်ခဲ့ပြီး မေလ (၇) ရက်မှ (၁၅) ရက်အထိ (၉) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။  ဒီသင်တန်းမှာ ဗုဒ္ဓနည်းကျ ခေါင်းဆောင်မှုနည်းပညာ၊ ဗုဒ္ဒဘာသာအဖွဲ့အစည်းတွေရဲ့အရေးပါတဲ့ကဏ္ဍ၊ ဗုဒ္ဓနည်းကျ စီးပွားရေးစနစ်နဲ့ စီမံခန့်ခွဲမှုနည်းပညာ၊ ဗုဒ္ဓနည်းကျလူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်မှုနည်းပညာဘာသာရပ်တွေကို သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့နဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးများ၊ အခြားနယ်ပယ်အသီးသီးမှာ ကျွမ်းကျင်ကြတဲ့ ပြည်တွင်း၊ပြည်ပ ပညာရှင်တွေက သင်ကြားပေးတာ ဖြစ်ပါတယ်။ ဗုဒ္ဓနည်းကျစီမံခန့်ခွဲမှုနည်းပညာသင်တန်းကို (၂၀၁၀) ပြည့်နှစ်မှ စတင်ကာ နှစ်စဉ်သင်ကြားပေးခဲ့တာဖြစ်ပြီး အခု နဝမအကြိမ် မြောက်အထိ သင်တန်းသား (၁၀၀၀) ကျော် တက်ရောက်ထားတယ်လို့ သိရပါတယ်။ သင်တန်းတက်ရောက်သူတွေကို သင်တန်းကြေး၊ နေထိုင်စားသောက်စရိတ် မကောက်ခံဘဲ အခမဲ့သင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။


 

Related News