ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေးရောင်းပွဲတော် The Big Bag Wolf Book Sale ကို အထက်မြန်မာနိုင်ငံမှ စာဖတ်ပရိသတ်များရဲ့ တောင်းဆိုချက်အရ မန္တလေးမြို့မှာ မေလ(၃၁)ရက်ကနေ ဇွန်လ(၁၀)ရက်အထိ (၁၁)ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ မေလ(၁၅)ရက်က ရန်ကုန်မြို့ ဆူးလေရှန်ဂီလာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ The Big Bag Wolf  Book Sale စာအုပ်ဈေးရောင်းပွဲတော်ကို မန္တလေးမြို့၊ မန္တလေး ကွန်းဗင်းရှင်စင်တာ (MCC) မှာ (၂၄)နာရီပတ်လုံး  ရောင်းချမှုပုံစံနဲ့ ကမ္ဘာတစ်ဝှမ်းက အသစ်စက်စက် အင်္ဂလိပ်စာအုပ်များကို မူရင်းဈေး ရဲ့ (၅၀)ရာခိုင်နှုန်း မှ (၉၀) ရာခိုင်နှုန်းအထိ အထူးလျှော့ ဈေးနှုန်းတွေနဲ့ရောင်းချသွားမယ်လို့သိရပါတယ်။ နိုင်ငံတကာမှာ လူသိများနေတဲ့ ကမ္ဘာ့အကြီးဆုံး စာအုပ် ဈေးရောင်းပွဲတော်မှာ ဂန္တ၀င် ၀တ္ထုများ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုများ၊ အချစ်ဝတ္ထုများ ၊ သုတရသစာပေများ၊ ဟာသ သရုပ်ပြစာအုပ်များ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ချက်ပြုတ်ခြင်းဆိုင်ရာ စာအုပ်များအပြင် စိတ်ဝင်စားဖွယ်ပုံပြင်စာအုပ်များ ၊ ဆေးရောင်ချယ်စာအုပ်များ၊ လေ့ကျင့်ရေးစာအုပ်များ၊ သင်ထောက်ကူစာအုပ်များ၊ ရုပ်ပြစာအုပ်များ အစရှိတဲ့စာအုပ်တွေကို ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

The Big Bag Wolf  Book Sale စာအုပ်ဈေးရောင်းပွဲတော်ကို  Read to Read (Myanmar) က ကြီးမှူးကျင်းပတာဖြစ်ပါတယ်။ ရန်ကုန်မှာတော့ ဒီစာအုပ်ပွဲတော်ကို  ပြီးခဲ့တဲ့ ဇန်န၀ါရီလက ပြုလုပ်ခဲ့တာဖြစ်ပြီး လာရောက်လည်ပတ်ဝယ်ယူသူ တစ်သိန်းခွဲအထက် ရှိကာ သုတ၊ ရတ စာပေတွေကို ၀ယ်ယူသူများပြားခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ ထပ်မံပြုလုပ်သွားမယ့် The Big Bag Wolf  Book Sale စာအုပ်ဈေးရောင်းပွဲတော်ကို  ၀င်ကြေးအခမဲ့ဖြင့် ၀င်ရောက်ကြည်ရှု လေ့လာဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ The Big Bag Wolf  Book Sale ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ (၂၀၀၉) ခုနှစ်က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံအပါအ၀င်  မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ ၊ ထိုင်ဝမ်နဲ့ အာရပ်ဆော်ဘွားစတဲ့ နိုင်ငံတွေမှာတော့  နှစ်စဉ် စာအုပ်ဈေးပွဲတော်များ ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။ 

 

 

Related News