မြန်မာကသာမက ကမ္ဘာကပါသိတဲ့ မန္တလေးမြို့မဟာမုနိဘုရားကြီးမှာ နိုင်ငံတကာအဆင့်မီ ဝါဆိုခြင်းလုံးအားကစားရုံသစ် တည်ဆောက်ပြီးစီးဖွင့်လှစ်တဲ့ အခမ်းအနားကို မေလ(၁၄)ရက်က အဆိုပါဝါဆိုခြင်းလုံး အားကစားရုံသစ်မှာပြုလုပ်ခဲ့ပါတယ်။ ဒီဖွင့်ပွဲကိုတော့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးတို့ တက်ရောက်ဖွင့်လှစ် ပေးခဲ့ပါတယ်။ အခုဖွင့်လှစ်ခဲ့တဲ့ ရိုးရာခြင်း ဝါဆိုခြင်းလုံးအားကစားရုံသစ်ကို မဟာမုနိဂေါပကအဖွဲ့က သြဝါဒစရိယဆရာတော်တွေထံက သြဝါဒခံယူပြီး တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလိုတည်ဆောက်ရတာဟာ မြန်မာ့ခြင်းကို ကမ္ဘာကသိတဲ့ အားကစားနည်းတစ်ခုဖြစ်ပြီး ခေတ်နဲ့အညီ မန္တလေးမြို့ဂုဏ်ဆောင်တဲ့ ခြင်းလုံးအားကစားရုံ ဖြစ်လာစေဖို့၊ မဟာမုနိဘုရားကြီးကို လာရောက်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်စေဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အရင်ခြင်းရုံအဟောင်းက ကွင်းကျဉ်းကာ ပရိတ်သတ်ကြည့်ရှုတဲ့ မြင်ကွင်းမကောင်းတာကြောင့် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားကို တန်ဖိုးထားအဆင့်မြှင့်တင်ပေးလိုတဲ့အတွက် ခြင်းလုံးအားကစားရုံသစ်ကို တည်ဆောက်ရတာ ဖြစ်တယ်လို့ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောပါတယ်။

ဒီဝါဆိုခြင်းလုံးအားကစားရုံသစ်ကြီးမှာပရိတ်သတ် (၄၀၀)ဝန်းကျင်ဝင်ရောက်ကြည့်ရှုနိုင်တဲ့နိုင်ငံတကာအဆင့်မီ ပွဲကြည့်စင်၊ အထူးတန်းပွဲကြည့်စင်၊ တီးဝိုင်းစင်နဲ့ကစားသမားအဝတ်လဲခန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ ခြင်းခတ်တဲ့အခါ အောက်ခံကုဒ်ကို အရင်ခြင်းရုံအဟောင်းမှာ မြေဝိုင်းနဲ့ခတ်ပြီးအခုခြင်းရုံအသစ်မှာတော့ အောက်ခံကုဒ်ကို နိုင်ငံခြားကမှာယူခင်းကျင်းထားတယ်လို့ သိရပါတယ်။ ဒီရိုးရာခြင်းအားကစားရုံသစ်ကို မြန်မာနိုင်ငံဗိသုကာ အင်ဂျင်နီယာအဖွဲ့ချုပ်က တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး မဟာမုနိဂေါပကဘဏ္ဍာငွေစိုက်ထုတ်ကာ စုစုပေါင်းငွေကျပ်သိန်း(၂၇၀၀)ကျော် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ အခုနှစ်မှာကျင်းပမယ့်(၉၁)ကြိမ်မြောက်ဝါဆိုခြင်း အလှခတ်ပွဲတော်ကို ခြင်းရုံအသစ်မှာ ကျင်းပသွားမှာဖြစ်ပြီး အခုဖွင့်ပွဲအထိမ်း အမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၆)ပေါက်တန်းဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲကို ထည့်သွင်း ကျင်းပနေတယ်လို့ သိရပါတယ်။

 

 

Related News