Yangon Metropolitan Development အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှာ ထည့်ဝင်ထားတဲ့ ရှယ်ယာတွေဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ပိုင်ဆိုင်မှု အဖြစ်သာရှိနေတာဖြစ်ပြီး လူတစ်ဦးတစ်ယောက် ရဲ့ အမည်ပေါက်ရှယ်ယာတွေမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အိမ်ရာစီမံကိန်းတွေအကောင်အထည်ဖော်ဖို့နဲ့ နေစရာမရှိသူတွေ အတွက် နေစရာတွေဖန်တီးနိုင်ဖို့ ရန်ကုန်မက်ထရိုပိုလီတန်ကုမ္ပဏီကို ပုဂ္ဂလိကပါဝင်မှုနဲ့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်တယ်လို့သိရပါတယ်။ဒီကုမ္ပဏီမှာ တိုင်းအစိုးရက ထည့်ဝင်ထားတဲ့ အစုရှယ်ယာ ကျပ် (၅၄)ဘီလီယံဟာ အစိုးရပိုင်ဆိုင်မှု အနေနဲ့သာ မှတ်ပုံတင်ထားရှိထားတာဖြစ်ပြီး လူပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုအမည်ပေါက်ရှိနေတာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က မီဒီယာတွေကိုပြောပါတယ်။

 ဒီအခြေအနေနဲ့ပတ်သက်ပြီးအသေးစိတ်ကို စာရင်းစစ်ချုပ်ရုံး၊ဥပဒေချုပ်ရုံးနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွေကို တင်ပြထားပြီးဖြစ်တယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ဒီငွေကြေးတွေဟာ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ထည့်ဝင်ထားတာဖြစ်ပြီး ဒီရှယ်ယာတွေအတွက် ကုမ္ပဏီမှာ ကိုယ်စားပြုဆောင်ရွက်နေတဲ့ ဒါရိုက်တာတွေ ပြောင်းလဲသွားရင်လည်း တိုင်းအစိုးရအဖွဲ့ရှယ်ယာ အဖြစ်ရှိနေမှာဖြစ်တယ်လို့ ပြောပါတယ်။လက်ရှိမှာတော့ ဒီရှယ်ယာအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြည်တွင်းမီဒီယာတစ်ခုရဲ့ ရေးသားမှု အတွင်း အချက်အလက်လွဲမှားနေသည်ဟုဆိုကာ ပြန်လည် ဖြေရှင်းပေးဖို့ဝန်ကြီးချုပ်က မီဒီယာကောင်စီ ကိုတင်ပြထားတာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းထားသော Yangon Metropolitan Development Public Co,Ltd တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစုရှယ်ယာ (၅၃၉,၅၀၀) စုနှင့် Myanmar Construction and Development Co,Ltd ၏ အစုရှယ်ယာ (၄၈,၆၀၀) စုဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကထုတ်ပြန်ထားပါတယ်။ 

 

Related News