YBS ယာဉ်လိုင်းတွေပိုမိုကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုစနစ်ဖြစ်ဖို့အတွက် အဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်လျှက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ တာဝန်ရှိသူက ပြောပါတယ်။ 
YBS စနစ်ကို ပြီးခဲ့တဲ့(၂၀၁၇) ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာ အခုဆိုရင်(၃)နှစ်တာအတွင်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။ဒါကြောင့် YBS စနစ်ကို(၂)နှစ်တာ အတွင်းမှာ ပုဂ္ဂလိကပိုင်ကနေ အများပိုင်၊ကုမ္ပဏီပိုင်စနစ်ဖြစ်စေဖို့အတွက်လည်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။လက်ရှိပြေးဆွဲနေတဲ့ ယာဉ်လိုင်းအများစုကလည်း ကုမ္ပဏီပိုင် ယာဉ်လိုင်းတွေဖြစ်သလို ပြေးဆွဲလမ်းကြောင်းအနေနဲ့ အရင်က (၃၃၅)လမ်းကြောင်းနဲ့ပြေးဆွဲပေးခဲ့ပြီး ယာဉ်လမ်းကြောင်းတွေကိုစီစစ်ကာ အခုဆိုရင်  လမ်းကြောင်းပေါင်း (၁၁၀) နဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ဒါပေမယ့် ပြည်သူတွေအတွက် လမ်းကြောင်းလိုအပ်ချက်ရှိရင်လည်း ပြန်လည်သုံးသပ်ပြီး လမ်းကြောင်းသစ်တွေ တိုးချဲ့ပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။ယာဉ်လိုင်းတွေကိုလည်း အရင်က လူအင်အားနဲ့သာထိန်းကျောင်းနိုင်ခဲ့ပြီး  YBS(၂)နှစ်တာ ကာလအတွင်းမှာ နည်းပညာနဲ့ကြပ်မတ် ဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။

YBS ပြေးဆွဲမှု(၃)နှစ်တာကာလကို ရောက်လာတဲ့ အချိန်မှာတော့ ကဒ်စနစ်နဲ့ စီးနင်းနိုင်ဖို့အတွက် တင်ဒါ အောင်မြင်ခဲ့တဲ့ကုမ္ပဏီမှ (၈)လအတွင်းမှာ YBS အစီးရေ(၂၀၀၀) လောက်ကို ကဒ်စနစ် အသုံးပြုနိုင်ဖို့ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။ သယ်ယူပို့ဆောင်ရေးအပိုင်းမှာလည်း မျှမျှတတရှိစေဖို့အတွက် လက်ရှိအခြေအနေနဲ့ ကြုံတွေ့နေရတဲ့အခြေအနေပေါ်မူတည်ပြီး လစဉ် YRTA မဂ္ဂဇင်းထုတ်ပြန်ပြီး ပြည်သူတွေကို အသိပေးတာတွေလည်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒါ့အပြင် YBS ယာဉ်လိုင်းအားလုံးကိုလည်း အများပိုင်စနစ်ဖြစ်စေဖို့ဆောင်ရွက်သွားမယ်လို့သိရပါတယ်။လက်ရှိရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းပေါင်း(၁၀၀)နဲ့ ပြေးဆွဲလမ်းကြောင်းပေါင်း (၁၁၀) ယာဉ်အစီးရေပါင်း (၄၆၀၀) နီးပါးက အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အတွက် ပြေးဆွဲပေးနေတယ်လို့သိရပါတယ်။ 

 

Related News