ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလဆန်းပိုင်းက စတင်ပြီး AA အဖွဲ့နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်(၂၇)ဦး ကျဆုံးခဲ့ပြီး အရပ်သား(၁၂)ဦးသေဆုံးခဲ့တယ်လို့ မတ်လ(၂၉)ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကသိရပါတယ်။ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၄)ရက်က စတင်ပြီး နယ်ခြားစောင့်ရဲကင်းစခန်း (၄) ခုကို AA အဖွဲ့မှ စတင်တိုက်ခိုက်ခဲ့ချိန်က စတင်ပြီး ယခုမတ်လ (၂၈) ရက်အထိ ထိတွေ့တိုက်ပွဲပေါင်း (၁၀၃)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင်(၂၇) ဦးကျဆုံးကာ (၂၆)ဦးဒဏ်ရာ ရရှိခဲ့ပြီး အရပ်သား(၁၂)ဦးသေဆုံးကာ၊ (၂၀)ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ချိန် မဟုတ်ဘဲ  AA က ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးခဲ့သူ(၁) ဦး၊ AA အဖွဲ့၏သတ်ဖြတ်ခြင်းခံရသူ အရပ်သား(၆)ဦးနဲ့ ၊ AAအဖွဲ့က ဖမ်းဆီးသွားပြီး ယခုထိ ပျောက်ဆုံးနေသူ (၂)ဦးတို့လည်း ရှိတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း AAအဖွဲ့ဝင်(၅၈) ဦးသေဆုံးခဲ့ပြီး (၈)ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကာ AAအဖွဲ့ထံမှ လက်နက်ငယ်(၂၂) လက်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ယခုလက်ရှိအနေအထားအရ AAအဖွဲ့နဲ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ပြီး AAအဖွဲ့ဟာ ကျေးရွာတွေကိုအ ခြေပြုတဲ့ ပြောက်ကျားစစ်ဆင်ရေးကို လုပ်နေတာ ဖြစ်တဲ့အတွက် ကြာရှည်နိုင်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကပြောပါတယ်။ ဒါပေမဲ့ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အပေါ် စစ်အုပ် ချုပ်ရေး ကြေညာဖို့တော့ အစိုးရက အစီအစဉ်မရှိသေးဘူးလို့ ပြောပါတယ်။အဆိုပါတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှ နေရပ်စွန့်ခွာသူ IDP (၁၇၃၅၄) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ကျောက်တော်မြို့နယ်မှ အများဆုံးဖြစ်ပြီး (၃၈၄၁) ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

 

Related News