သင်္ဃန်းကျွန်းမြို့နယ်လုံးဆိုင်ရာသံဃနာယကအဖွဲ့မှကြီးမှူးကျင်းပတဲ့ဒုတိယအကြိမ်သင်္ဃန်းကျွန်းမြို့နယ်လုံးဆိုင်ရာဂိုဏ်းပေါင်းစုံသာသနပါလစာမေးပွဲစာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးများကို မတ်လ (၂၄)ရက်က ကျိုက်က စံဆံ စေတီဓမ္မဗိမာန်တော်မှာ အောင်လက်မှတ်နှင့် စာအောင်ဆုပေးပွဲပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ဒုတိယအကြိမ်မြောက် သင်္ဃန်းကျွန်းမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသာသနပါလစာမေးပွဲကို မတ်လ(၅)ရက်မှ (၈)ရက်အထိပြုလုပ်ခဲ့ပြီး စာမေးပွဲမှာတော့ စာဖြေသံဃာတော်နဲ့ သီလရှင်အပါး(၃၉၃)ပါးဝင်ရောက် ဖြေဆိုခဲ့ကြတယ်လို့သိရပါတယ်။စာမေးပွဲအောင်သံဃာတော်နဲ့သီလရှင်(၁၁၂)ပါးရှိခဲ့ပြီး စာမေးပွဲအောင် သံဃာတော်နဲ့ သီလရှင်တွေကို အောင်လက်မှတ်နဲ့စာအောင် ဆုပေးအပ်ခဲ့တာပါ။ သင်္ဃန်းကျွန်းမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသာသနပါလစာမေးပွဲပြုလုပ်တာကတော့ သာသနာတော်မှာသံဃာတော်တွေနည်းပါးလာတာ ကြောင့်သာသနာရေရှည်တည်တံ့လာစေဖို့အတွက် အခုလိုစာမေးပွဲတွေပြုလုပ်တာလို့ ဘုရားသုံးဆူပရိယတ္တိ စာသင်တိုက်မှ ဆရာတော်ကမိန့်ပါတယ်။စာဖြေသံဃာတော်တွေနဲ့သီလရှင်တွေကိုတော့ အခြေပြုမူကြိုတန်းနဲ့ အခြေပြုမူလတန်းတက်ရောက်နေတဲ့ သံဃာတော်တွေကိုဝင်ရောက်ဖြေဆိုခွင့်ပေးခဲ့တာလို့သိရပါတယ်။စာမေးပွဲမှာတော့ ၀ိနည်းဘာသာ၊သဒ္ဒါဘာသာ၊ သဂြို င်္လ်ဘာသာ၊ မာတိကာဓာတုကထာ စတဲ့ဘာသာ(၄)ရပ်ကိုဖြေဆိုခဲ့ရတယ်လို့သိရပါတယ်။စာဖြေသံဃာတော်တွေအနေနဲ့ အခုဖြေဆိုခဲ့တဲ့ သာသနပါလ စာမေးပွဲက ပရိယတ္တိစာပေသင်ကြားရာမှာအထောက်အကူဖြစ် တယ်လို့ စာမေးပွဲစာအောင် သံဃာတော်တွေကပြောပါတယ်။သင်္ဃန်းကျွန်းမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသာသနပါလ စာမေးပွဲစာအောင်သံဃာတော်များနှင့်သီလရှင် ဆရာလေးတို့ကိုအောင်လက်မှတ်နှင့်စာအောင်ဆုပေးအပ်ရာမှာ ပထမအထူးဆု(၁)သိန်းကျပ်၊ ဒုတိယအထူးဆု (၈)သောင်းကျပ်၊ တတိယအထူးဆု(၆)သောင်းကျပ်တို့ချီးမြှင့်ပေးခဲ့တယ်လို့သိရပါတယ်။

 

 

 

Related News