ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ မြို့နယ်လုံးဆိုင်ရာ လူငယ်ပရဟိတအဖွဲ့တို့ပူးပေါင်းပြီး ပထမအကြိမ်မြောက် မုန့်တိုက်ပွဲကို မတ်လ(၁၇)ရက်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ရှိ မြို့မဈေးမှာ ပြုလုပ်ခဲ့ပါတယ်။

ကလေးလူငယ်များကို ကင်ဆာရောဂါဆိုးကြီးမှ ကာကွယ်နိုင်စေဖို့၊ ပြည်တွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာဓလေ့ လတ်ဆတ်တဲ့အစားအစာတွေ မတိမ်ကောမပျောက်ပျက်ဖို့နဲ့ ရိုးရာအစားအစာတွေကို ခေတ်မှီအဆင့်မြှင့်တင်ပေးနိုင်ဖို့အပြင် မြန်မာအမျိုးသမီး တွေရဲ့ စွမ်းဆောင်ရည်နဲ့ အခြေခံလူတန်းစားအမျိုးသမီးတွေ အလုပ်အကိုင် အပိုဝင်ငွေများရရှိစေဖို့ ရည်ရွယ်ပြီး မုန့်တိုက်ပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မုန့်တိုက်ပွဲမှာရောင်းချတဲ့ မုန့်တွေကို ဆေးသကြား၊ အရောင်ဆိုးဆေး၊ဓာတုပစ္စည်း၊ကြာရှည်ခံဆေးများ သုံးစွဲခွင့်မပြုရန်၊ မုန့်များကို ထုပ်ပိုး ရောင်းချရာမှာ မုန့်ထည့်စရာပန်းကန်၊ခွက်၊ယောက်များကို ဖော့ဗူး၊ ကြွပ်ကြွပ်အိတ်များသုံးစွဲခွင့်မပြုရန်၊ ပြုလုပ်ရောင်းချရမယ့် မုန့်တွေကို အတတ်နိုင်ဆုံး သန့်ရှင်းစွာပြုလုပ်ကြရန်နဲ့ မုန့်မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို ရေးသားတင်ပြကြရန် အစရှိတဲ့စည်းကမ်းချက်တွေ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

မုန့်တိုက်ပွဲကို မှော်ဘီမြို့မှာ ပထမအကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး မှော်ဘီမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊တာမွေမြို့နယ်၊ လှည်းကူးမြို့နယ် အစရှိတဲ့ မြို့နယ်တွေမှ ပရဟိတအဖွဲ့များနဲ့အခြားအဖွဲ့များမှ လာရောက်ရောင်းချကြတာဖြစ်ပါတယ်။အဆိုပါ မုန့်တိုက်ပွဲမှာ ဆိုင်ခန်းပေါင်း (၅၀)နီးပါနီးမှ မုန့်အမျိုးအစားပေါင်း (၁၀၀)ကျော်ကို လာရောက်ရောင်းချခဲ့တာဖြစ်ပါတယ်။

 

 

Related News