ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်၊ တည်ထားကိုးကွယ်ခဲ့ကြတဲ့ ရှေးဟောင်းသမိုင်းဝင်ဂန္ထ၀င်မြောက်ဆံတော်ရှင် စေတီတော် (၉)ဆူကို မတ်လ(၁၆)ရက်မှ(၁၇)ရက်အထိ(၂)ရက်ကြာ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ရင်ငွေ့လှုံ အပူဇော်ခံထားရှိခဲ့ပါတယ်။

ဆံတော်ရှင်ကျိုက်ထီးဆောင်း ဆံတော်ရှင်တည်ရှိရာ ဘီးလင်းမြို့မှ ဒုတိယကျိုက်ထီးဆောင်းဆရာတော်ရဲ့ ကြီးကြပ်ဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်းဗဟိုက မတ်လ(၁၆)ရက်မှာ ရှေးဟောင်းသမိုင်းဝင်ဂန္ထ၀င်မြောက်ဆံတော်ရှင်စေတီတော်(၉)ဆူကို ရန်ကုန်မြို့ကို ပင့်ဆောင်လာခဲ့ပါတယ်။ အခုလိုပင့်ဆောင်လာရာမှာ ရန်ကုန်မြို့၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်၊ ဇမ္ဗူဥသျှောင်မြတ်ဘုန်းခေါင် ဓါတ်ပေါင်းစုံ စေတီတော်မှာ ခေတ္တရပ်နားပြီး ဆံတော်ရှင်စေတီတော် (၉)ဆူရဲ့ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့ကို ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပင့်ဆောင်ပြီး ရင်ငွေ့လှုံအပူဇော်ခံထားရှိ ခဲ့တာ ဖြစ်ပါတယ်။ ရင်ငွေ့လှုံအပူဇော်ခံတဲ့ အခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့ပါတယ်။

မတ်လ(၁၈)ရက် မနက်ပိုင်းမှာ ရွှေထီးတော်၊ ငှက်မြက်နားတော်၊ရတနာစိန်ဖူးတော်တို့ကို ရွှေတိဂုံစေတီတော်မြတ်ကြီးကနေတစ်ဆင့် သက်ဆိုင်ရာဒေသအသီးသီးကို ပင့်ဆောင်အပူဇော်ခံပြီး ထီးတော်တင်လှူပူဇော်ပွဲကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ ရှေးဟောင်း သမိုင်းဝင်ဂန္ထ၀င်မြောက်ဆံတော်ရှင်စေတီတော်(၉)ဆူ ထီးတော်တင်ပွဲ အခမ်းအနားတွေကို မတ်လ(၂၄)ရက်မှစတင်ပြီး မေလ(၁၈)ရက်အထိ သက်ဆိုင်ရာဒေသအသီးသီးမှာပြုလုပ်သွားမယ်လို့ သိရပါတယ်။   

 

 

Related News