ပြဿနာရပ်တွေဖြေရှင်းရာမှာ ညှိနှိုင်းဆွေးနွေးတဲ့နည်းလမ်းနဲ့သာ ဖြေရှင်းကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းလိုက်ပါတယ်။ ပြဿနာတွေအတွက် သဘောတူညီချက်ရရှိသည်အထိ နှစ်ဖက်တိုင်ပင်ဆွေးနွေးဖို့လိုအပ်သလို နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် အပေးအယူဆွေးနွေးမှုတွေရှိဖို့လိုအပ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ ပဲခူးမြို့မှာ မတ်လ(၁၅)ရက်က ဒေသခံ ပြည်သူတွေနဲ့တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။

ပဲခူးခရီးစဉ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာမျိုးသိမ်းကြီး၊ တို့လည်း လိုက်ပါလာခဲ့ပါတယ်။ ဒေသခံတွေရဲ့လိုအပ်ချက်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ပြည်သူတွေကြားက အခြေအနေ တွေကို သိရှိနိုင်ဖို့ အခုလိုလာရောက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပဲခူးဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာတော့ အုပ်ချုပ်ရေးပိုင်းတွေမှာ ကြာမြင့်နေတဲ့ လုပ်ငန်းကိစ္စရပ်တွေ ကိုလည်း တင်ပြခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူတွေအနေနဲ့ တရားဝင်ပေး ဆောင်ရမယ့် ငွေကြေးကလွဲပြီး အုပ်ချုပ်ရေးပိုင်း နဲ့ အစိုးရ၀န်ထမ်းတွေအပေါ် လာဘ်ပေးတာတွေ မပြုလုပ်ဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာလည်း လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့ပြီးဖြစ်ကာ ပဲခူးတိုင်းဒေသကြီးမှာတော့ မတ်လ (၁၄)ရက်က ပြည်မြို့နဲ့ သာယာဝတီမြို့တွေကိုသွားရောက်ခဲ့ပါတယ်။

 

 

Related News