SME လုပ်ငန်းရှင်တွေအတွက် မြန်မာ့စာတိုက်လုပ်ငန်းရဲ့ ပစ္စည်းပို့ပြီး ငွေကောက်ခံတဲ့စနစ် (ePost System)မိတ်ဆက်မှုကို မတ်လ(၁၅) ရက်က မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးမှာ ပြုလုပ်ခဲ့ပါတယ်။အခုပြုလုပ်ခဲ့တဲ့ ePost System မိတ်ဆက်ပွဲကို မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန နဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းတို့ ပူးပေါင်းပြုလုပ်တာ ဖြစ်ပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းဟာ ရောင်းချသူနဲ့ဝယ်ယူသူတို့ကြား ခိုင်မာမှုရှိစေဖို့အတွက် ၀ယ်ယူသူထံကို ကုန်ပစ္စည်းပို့ဆောင်ပေးပြီး ၀ယ်ယူသူထံမှ ကျသင့်ငွေကို ကိုယ်စားကောက်ခံပေးခြင်းကို ဆောင်ရွက်ပေးနေတာ (၂) နှစ်ကျော်ရှိ ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မြန်မာ့စာတိုက်လုပ်ငန်းရဲ့ သက်သာတဲ့နှုန်းထားနဲ့ တစ်နိုင်ငံလုံးကို အိမ်တိုင်ရာရောက် ပစ္စည်းပို့ပြီး ငွေကောက်ခံပေး နေတာကို သိရှိစေဖို့၊ နည်းပညာနဲ့ ပို့ဆောင်ပေးမှုအခြေအနေကို သိရှိစေဖို့အတွက် အခုလို မိတ်ဆက်ခဲ့တာလို့ သိရပါတယ်။

မြန်မာ့စာတိုက်လုပ်ငန်းရဲ့ ပစ္စည်းပို့ပြီး ငွေကောက်ခံတဲ့စနစ် (ePost System)ကို စာတိုက်ရှိတဲ့ မြို့နယ်တွေမှာ အသုံးပြုနိုင်ပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း(၃၀၀)ကျော်မှာ လုပ်ငန်းပြည့်စာတိုက်ပေါင်း (၇၉၇) ရုံးနဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီစနစ်မှာ ရောင်းချသူတွေရဲ့ ကုန်ပစ္စည်းအချက်အလက်တွေကို ထည့်သွင်း ဖော်ပြရောင်းချနိုင်ရန်၊ ရောင်းကုန် ပစ္စည်းကို ၀ယ်ယူလိုသူတွေ မြင်တွေ့နိုင်စေဖို့ နည်းပညာနဲ့ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လုပ်ငန်းရှင်တွေ အနေနဲ့ နေရာဒေသတစ်ခုထဲမှာ ရောင်းချနေရာကနေ တစ်နိုင်ငံလုံးက ၀ယ်ယူသူတွေကို ရောင်းချနိုင်မှာဖြစ်ပြီး ဒီလိုရောင်းချတဲ့ နေရာမှာ မြန်မာ့စာတိုက်လုပ်ငန်းက ပစ္စည်းပို့တဲ့နေရာ၊ ငွေကောက်ခံတဲ့နေရာတွေကို ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းအနေနဲ့ SME လုပ်ငန်းရှင်တွေကို ပစ္စည်းပို့ပြီး ငွေကောက်ခံတဲ့စနစ် (ePost System) မိတ်ဆက်ပွဲကိုလည်း လာမယ့် မတ်လ(၁၉)ရက် ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

 

Related News