မြန်မာနိုင်ငံက ဖရဲ၊ သခွားစတဲ့သီးနှံတွေကို လာမယ့်နှစ်သီးနှံပေါ်ချိန်မှာ တရုတ်ပြည်ကို တင်ပို့ရောင်းချရမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားပါတယ်။ဖရဲ၊ သခွား၊ သရက်စတဲ့သီးနှံတွေပါဝင်မှာဖြစ်ပြီး ဒီထဲကမှဖရဲနဲ့ သခွားက အဓိကတင်ပို့ရောင်းချရမှာဖြစ်တယ်လို့ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်။

လာမယ့်နှစ်သီးနှံပေါ်ချိန်တွေမှာ တင်ပို့ပေးရမှာဖြစ်ပြီး ဒီကာလဟာ (၄)လ ၀န်းကျင်သာရှိတယ်လို့လည်း သိရပါတယ်။ မူဆယ်ဘက်ကားလမ်းကြောင်းတွေကသာ တင်ပို့ရမှာ ဖြစ်တာကြောင့် ကားလမ်းတွေကောင်းမွန်ဖို့လိုအပ်ပြီး ကုန်စည်ပို့ဆောင်ရေးအပိုင်းက လိုအပ်ချက်ရှိနိုင်တဲ့ အခြေအနေတွေရှိတယ်လို့လည်း ဆိုပါတယ်။ မန္တလေး-မူဆယ်ရထားလမ်းသာရှိမယ်ဆိုရင် ဒီကုန်စည်တွေကို အလွယ်တကူလျင်လျင်မြန်မြန်နဲ့နိုင်နိုင်နင်းနင်း တင်ပို့နိုင်မှာ ဖြစ်ပြီး  ရထားလမ်းအပါအ၀င် တွေ့ကြုံနေရတဲ့ ကုန်သွယ်ရေးအခက်အခဲတွေကို ၀န်ကြီးဌာနတွေ၊ သက်ဆိုင်ရာကုန်သွယ်ရေး အဖွဲ့တွေ၊တရုတ်နိုင်ငံဘက်ကအဖွဲ့တွေနဲ့ စဉ်ဆက်မပြတ်တွေ့ဆုံ ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။

ဒီလိုဆွေးနွေးမှုတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ ပုဂ္ဂလိကလုပ်ငန်းရှင်အသင်းအဖွဲ့တွေနဲ့ အကြိမ်ကြိမ် ပြောဆိုဆွေး နွေးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

ဘက်ပေါင်းစုံကနေ ကြိုးစားဆောင်ရွက်နေပြီး အခက်အခဲတွေရှိပေမယ့် အလားအလာ ကောင်းတွေလည်း ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ မတ်လ(၁၅)ရက်က UMFCCI မှာပြုလုပ်ခဲ့တဲ့ (၂၅)ကြိမ်မြောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ(ဥက္ကဋ္ဌ) ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင် တွေ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

 

 

Related News