မဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာတည်ရှိနေတဲ့နိုင်ငံတွေရဲ့ ဗိသုကာလက်ရာတွေနဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်းဆိုင်ရာသုတေသနစာတမ်းအစီအစဉ်ကိုနည်းပညာတက္ကသိုလ်(မန္တလေး)မှာဇန်န၀ါရီလ(၈)ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအစီအစဉ်က မဲခေါင်မြစ်ဝှမ်းဒေသက ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ယက်ဖွဲ့စည်းကာ သုတေသနလုပ်ငန်းအစီအစဉ်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်တယ်လို့သိရပါတယ်။ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ နဲ့ ဂျပန်နိုင်ငံတို့ပါဝင်ပြီး ဒီနိုင်ငံတွေက ဗိသုကာလက်ရာနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ၊ ကမ္ဘာ့အမွေအနှစ်ဖြစ်ဖို့ သုတေသနပညာရှင်တွေက လေ့လာမှုတွေပြုလုပ်ကာ သုတေသနဆိုင်ရာ စာတမ်းတွေပြုစုနေကြပါတယ်။ 

အခုလိုမဲခေါင်မြစ်ဝှမ်းဒေသရှေးဟောင်းအမွေအနှစ်သုတေသနပူးပေါင်းပြုလုပ်တဲ့ အစီအစဉ်ဟာ၂၀၁၆ခုနှစ် ဧပြီက စတင်ခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ် မတ်လမှာ ပြီးဆုံးမယ်လို့သိရပါတယ်။ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုနိုင်ဖို့ အခုလိုသုတေသနစာတမ်းတွေက အထောက်အပံ့ပေးနိုင်မယ့်လို သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ ပျူရှေးဟောင်း ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့သုတေသနတွေ၊ တကောင်း၊ဗိဿနိုး၊သရေခေတ္တရာ၊ဟန်လင်းမြို့တွေရဲ့သုတေသနစာတမ်းအကြောင်းအရာတွေပါဝင်မယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်အောင်ဆောင်ရွက်ဖို့ အတွက် သုတေသနတွေကို ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာတွေကို ကျောင်းသာကျောင်းသူတွေသိရှိအောင် လေ့လာနိုင်မယ်လို့သိရပါတယ်။

ဒီအစီအစဉ်ကနည်းပညာတက္ကသိုလ်(မန္တလေး) မှာတော့ ပထမဆုံးအကြိမ်ဗိသုကာ သုတေသနစာတမ်းအစီအစဉ်တစ်ခုဖြစ်ပြီး ဇန်နဝါရီလ(၈)ရက်မှ(၁၀)ရက်အထိ၃ရက်ကြာပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။နည်းပညာတက္ကသိုလ်(မန္တလေး)ဗိသုကာသုတေသနစာတမ်းဖွင့်ပွဲ အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဒုတိယမြို့တော်ဝန် ဦးရဲမွန်၊ဂျပန်နိုင်ငံက သုတေသနအဖွဲ့တွေ၊နည်းပညာတက္ကသိုလ် မန္တလေးမှ တာဝန်ရှိသူတွေနဲ့ ဗိသုကာဌာနကကျောင်း သားကျောင်းသူတွေတက်ရောက်ကြတယ်လို့သိရပါတယ်။

 

Related News