မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအဖွဲ့က ပထမဆုံးအကြိမ်အဖြစ်  သွေးချင်းတို့ရဲ့ ပွဲတော်ဆီအမည်ဖြင့် မြန်မာတိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုပြပွဲနှင့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်ကို ဇန်န၀ါရီလ (၂၅)ရက်ကနေ ဇန်န၀ါရီလ(၃၀)ရက်အထိ (၆)ရက်ကြာ ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းအတွင်းမှာ ကျင်းပသွားမယ်လို့ ဇန်န၀ါရီလ(၉)ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ အဆိုပါ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်ကြီးကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာတွေ့ဆုံကြပြီး စည်းလုံးညီညွတ်မှုကိုပြသနိုင်ဖို့ ၊ တိုင်းရင်းသားလုပ်သားပြည်သူများ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို အထောက်အကူပြုစေဖို့ နဲ့ တိုင်းရင်းသားလူမျိုးများရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများနဲ့ တိုင်းရင်းသားဒေသအသီးသီးက ဒေသထုတ်ကုန်များနဲ့ရိုးရာအ၀တ်အထည်များ စတာတွေကို နိုင်ငံအတွင်းသာမက နိုင်ငံတကာသို့ပါ ဈေးကွက်တင်ပို့ဖြန့်ဖြူးရောင်းချနိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။ 

ဒီပွဲတော်မှာ နိုင်ငံကျော် အနုပညာရှင်၊ တေးသံရှင်များရဲ့ ဖျော်ဖြေတင်ဆက်မှုများ၊ တိုင်းရင်းသားလူမျိုးစုတစ်စုချင်းစီရဲ့ အလှမယ်များ၊ တိုင်းရင်းသားအလှမယ်ရွေးချယ်ပွဲ၊ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့နေထိုင်မှုပုံစံများနဲ့ ရိုးရာအသုံးအဆောင်ပစ္စည်းများကို တစ်စုတစ်စည်းထဲ ဖော်ပြထားတဲ့ ပြခန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် မိမိတို့ကုန်ပစ္စည်းတွေကို တစ်နေရာထဲတစ်စုတစ်စည်းထဲ လူအများကို ပြသရောင်းချနိုင်တဲ့ Exhibition Booth များ၊ လူမျိုးဘာသာမရွေးစားသောက်နိုင်တဲ့ Ethnics Night Market ဈေးတန်းများ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် မီးအလှနေရာများ စတဲ့ အစီအစဉ်များ ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါပွဲတော်ကြီး ဖြစ်မြောက်ဖို့အတွက် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းဝင်လုပ်ငန်းရှင်များရဲ့ အလှူငွေတွေနဲ့ စုပေါင်းပြုလုပ်တာဖြစ်ပြီး ဒီပွဲတော်အောင်မြင်ရင်တော့ နောင်နှစ်တွေမှာလည်း နှစ်စဉ်ဆက်လက်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။


 

 

Related News